
* ဒို့တိုင်းပြည်၏ ပေါသည်သယံဇာတ
ဆိုသည်ကလျှင် သစ်ပင်သစ်တော
မျိုးစုံနှော၍ ဝပြောသာယာ
ရှိခဲ့ပါ၏။
* ဒို့ရွာဒို့ကျောင်း အေးစေကြောင်းဖြင့်
ထနောင်းမန်ကျည်း အပင်ကြီးများ
ကြီးထွားသန်မာ လှတစ်ရာဖြင့်
လွန်စွာတင့်တယ်ပါပေ၏။
* ကျိုင်းတုံမြို့မှာ သာယာမှုဆောင်
သစ်တစ်ပင်တောင်ဟု
ဂုဏ်ရောင်ညီးညီးရှိခဲ့၏။
* ပင်းတယမှာ ညီညာဖြောင့်တန်း
ညောင်ပင်တန်းကြောင့် ရွှင်လန်းကျက်သရေ
ပြည့်ဖြိုးဝေ၏ ကန်လေဘုတ်တလုပ်
သရုပ်ပီပီ အေးမြကြည်၏။
* ရန်ကုန်တက္ကသိုလ် ချက်ဗဟိုဝယ်
တင့်တယ်ပြယုဂ် သစ်ပုပ်တစ်ပင်
သမိုင်းဝင်၏။
* ထို့ကြောင့်ကဗျာ ရေးကာဆင်ချင်
ဘယ်ခါတွင်မှ တစ်ပင်သစ်ကောင်း
မခုတ်ရှောင်းဟု သိကြောင်းသိစေ
ပြည်သူတွေကို မျှဝေသုတ
ရကြစေကြောင်း ဆုမွန်တောင်းမိ။
* မြန်မာ့အလှ
ဖျက်ပြီးမှလျှင် မချမ်းသာချင်နဲ့။
* မြန်မာ့အလှ ပိုပြီးလှအောင်
ထိန်းကြစေရန် စိတ်ရင်းမှန်ကို
နဘံမိုးဖျား သိစေသား။ ။
(ဧပြီ ၅ ရက်တွင်ကျရောက်မည့် မြန်မာ့သစ်လုပ်ငန်းအတွက် အမှတ်တရ။)
ဘိုမျိုး(ရွှေဘို)