မြန်မာ ယူ-၂၂ အသင်း ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲလေးခု ယှဉ်ပြိုင်ရမည်

 

ရန်ကုန်  ဇန်နဝါရီ  ၁၈
မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း နိုင်ငံ တကာပြိုင်ပွဲ လေးခုယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာရှ အဆင့်၊  အရှေ့တောင်အာရှအဆင့်  အဆင့်မြင့် ပြိုင်ပွဲများစွာ ပါဝင်လျက်ရှိသည်။
မြန်မာ ယူ-၂၂ အသင်းသည် မေလမှစတင်ကာ  နိုင်ငံတကာပြိုင်ပွဲများ     ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  မေလတွင်   (၃၂)   ကြိမ်မြောက်   ဆီးဂိမ်းပြိုင်ပွဲ၊ စက်တင်ဘာတွင်  ၂၀၂၄  အာရှဖလား  ယူ-၂၃ ခြေစစ်ပွဲ၊ အောက်တိုဘာတွင် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ ဒီဇင်ဘာတွင် အာဆီယံ  ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်။ (၁၉) ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကြောင့် ၂၀၂၃ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲ နှင့်  တစ်နှစ်တည်း ကျင်းပခြင်းဖြစ်သည်။ အာရှ  အားကစားပြိုင်ပွဲကို ၂၀၁၈ ပြိုင်ပွဲမှ တစ်ကျော့ပြန် ယှဉ်ပြိုင်ခဲ့ကာ ယခုပြိုင်ပွဲတွင်  ထပ်မံယှဉ်ပြိုင်ရန်  စီစဉ်ထားသည်။  အာရှဖလား ယူ-၂၃ ခြေစစ်ပွဲမှာမူ ၂၀၂၄ ပါရီအိုလံပစ်ဝင်ခွင့်အတွက်ပါ အရေးပါသည့် ပြိုင်ပွဲဖြစ်ပြီး  ခြေစစ်ပွဲအောင်မြင်ပြီး   နောက်ဆုံး အဆင့်တွင်  ပထမမှ  တတိယရသည့် သုံးသင်းမှာ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရမည်ဖြစ်သည်။ အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်တွင်  ဆက်လက် ကျင်းပမည်ဖြစ်ပြီး  နှစ်ကုန်ပိုင်းမှ  ပြုလုပ်မည် ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် နည်းပြချုပ်နေရာ လစ်လပ်နေပြီး    နည်းပြသစ်ခန့်အပ်ပြီးမှသာ စခန်းဝင်လေ့ကျင့်မှုများ     ပြုလုပ်သွားမည်ဖြစ် သည်။                                             ရဲရင့်လွင်