မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ချောမွေ့လျင်မြန်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

 

မြစ်ကြီးနား   ဇန်နဝါရီ    ၁၃


ကချင်ပြည်နယ် ကန်ပိုက်တီဂိတ်မှတစ်ဆင့် မြန်မာ - တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုချောမွေ့ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြန်မာ-တရုတ် ကုန်စည် ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။

 


သဘောတူညီချက်အတိုင်း ဆောင်ရွက်နိုင်ရေး


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်   မြန်မာ- တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်း ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉  ကပ်ရောဂါကြောင့်  ခေတ္တရပ်နားထားခဲ့ရသည့် နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများကို အားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နိုင်သော်လည်း ကုန်စည်စီးဆင်းသည့် နေရာတွင် နှစ်နိုင်ငံ ညှိနှိုင်းထားသည့် သဘောတူညီ ချက်အတိုင်း မျှမျှတတရှိစေရေးနှင့် လုပ်ငန်းများ ယခုထက်  ပိုမိုချောမွေ့လျင်မြန်စွာ  ဆောင်ရွက်နိုင်ရေး အတွက်   မိမိတို့အနေဖြင့် ရေရှည်ကာလအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှင့်   အခက်အခဲများကို   ကြိုးပမ်းဖြေရှင်းနိုင်ရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပွင့်လင်းရင်းနှီးစွာ ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားသည်။

 


သီးနှံများတင်ပို့ရာတွင် လိုအပ်ချက်များတင်ပြ


ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေက   မြန်မာ-တရုတ်  ကုန်စည် ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာကြသည့်   ကော်မတီအဖွဲ့ဝင်များ၊  ပြည်နယ် ကုန်စည်ပို့ဆောင်ရေးအသင်း၊    ပြည်နယ်သီးနှံ ထုတ်လုပ်သူများအသင်း၊ ပြည်နယ်ကုန်သည်ကြီးများ အသင်းနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက       နယ်စပ်ကုန်စည်ပို့ဆောင်/တင်သွင်းရေးကိစ္စရပ်များနှင့်        ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအပေါ် ကိုဗစ်-၁၉ စစ်ဆေးဆောင်ရွက်မှုလုပ်ငန်းများ၊ ယာဉ်အဝင်/ အထွက်အပေါ် ညှိနှိုင်းသဘောတူ ဆောင်ရွက်ထားရှိ မှုများနှင့် သီးနှံများအချိန်မီတင်ပို့ရာတွင် တွေ့ကြုံ ရသည့်   အခက်အခဲလိုအပ်ချက်များကို   ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက် များအပေါ်   နှစ်နိုင်ငံအရေးကိစ္စရပ်များဖြစ်သည့် အတွက် ကော်မတီအဖွဲ့ဝင်များနှင့် ကုန်သည်လုပ်ငန်း ရှင်များအနေဖြင့်    အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်အတိုင်း ဆောင်ရွက်သွားနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၁၂ ရက် တွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း အတွင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အသက်  ၄၀  နှစ်အထက်  ကလပ်ပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ကြည့်ရှု အားပေးသည်။

 


ဆုများချီးမြှင့်ပေး


ဗိုလ်လုပွဲတွင်   Old  Star  ကလပ်အသင်းက ဝိုင်းမော်ကလပ်အသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး     ပြိုင်ပွဲတစ်လျှောက်   နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကို ပြည်နယ်ဥပဒေ ချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဝိုင်းမော် ကလပ်အသင်းကို  ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသော Old Star ကလပ်အသင်းကို  ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးကလည်းကောင်း၊         တံခွန်စိုက်ဒိုင်းဆုကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း     ပေးအပ် ချီးမြှင့်ကြောင်း သိရသည်။ 


    ပြည်နယ်(ပြန်/ဆက်)