မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူများ ဝင်/ထွက် သွားလာမှု စနစ်တကျဖြစ်စေရေးနှင့် တရားမဝင် ဝင်/ထွက် သွားလာမှုမရှိစေရေး၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော်  စက်တင်ဘာ  ၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား  ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသ အပါအဝင် နှစ်နိုင်ငံပြည်သူများ ဝင်/ထွက် သွားလာမှု စနစ်တကျဖြစ်စေရေးနှင့် တရားမဝင်  ဝင်/ထွက် သွားလာမှုမရှိစေရေး၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ  ပိုမိုနီးကပ်စွာ  ပူးပေါင်းဆောင်ရွက် နိုင်ရေး၊   နှစ်နိုင်ငံနယ်နိမိတ်အတွင်း  လူကုန်ကူး ခံရသည့် ထိုင်းနိုင်ငံသားများအား  မိမိတို့ဝန်ကြီးဌာန နှင့် ဆက်စပ်ဝန်ကြီးဌာန အဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ် ကူညီရေးလုပ်ငန်းများ ဆောင်ရွက် နေမှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလများတွင်  ဆေးဝါးနှင့်  အခြားလိုအပ်သည် များကို လည်းကောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုခံခဲ့ရသည့်  ရခိုင်ပြည်နယ်          ပြန်လည်တည်ဆောက်ရေး   လုပ်ငန်းစဉ်များတွင်လည်းကောင်း        ထိုင်းနိုင်ငံမှ  ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်တွင် တရားမဝင် ဝင်ရောက်၍ အင်တာနက် လိုင်းများ  အသုံးပြုကာ  Online  ဂိမ်းများဖြင့် လိမ်လည်မှုများ     ဆောင်ရွက်နေကြသူများအား ထိရောက်စွာ   တားဆီးကာကွယ်နိုင်ရေးအတွက်  နှစ်နိုင်ငံ  လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး     အခြေအနေများနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်သည့်  ဦးဌေးလှိုင်နှင့်  ဒေါက်တာမျိုးသန့်၊          အမြဲတမ်းအတွင်းဝန်    ဦးဝင်းဇော်အောင်၊   လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။                            

သတင်းစဉ်