
နေပြည်တော် နိုဝင်ဘာ ၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး မစ္စတာ အလက် ဇန်းဒါး ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ တင်ပို့ရန် အလားအလာရှိသည့် ကုန်ပစ္စည်းများ ပိုမို တင်ပို့နိုင်ရေး၊ တင်ပို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း နှင့် စံချိန်စံညွှန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအကြား ချိတ်ဆက် ဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်