
ကျိုင်းလပ် ဇန်နဝါရီ ၂၅
နှစ်နိုင်ငံ နယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေရေးအတွက် မြန်မာ - လာအို ချစ်ကြည်ရေးတံတားဖွင့်ပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ရှိ အဆိုပါတံတား၌ ကျင်းပသည်။
တံတားဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မဲခေါင် - လန်ချန်းအဖွဲ့ဝင် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ပြီး စီမံကိန်းကို မဲခေါင်မြစ်အားအသုံးပြု၍ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံ တို့နှင့် ရေကြောင်းဖြင့်လည်းကောင်း၊ မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို အသုံးပြုကာ လာအို နိုင်ငံနှင့် လာအိုနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်းကြောင်းဖြင့်လည်းကောင်း၊ မြန်မာ - လာအို နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှတစ်ဆင့် တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သော ကြောင့် မြန်မာ - လာအို - တရုတ်သုံးနိုင်ငံ၏ ချစ်ကြည်ရေးသမိုင်း မှတ်တိုင်ဖြစ်လာစေရန် မျှော်မှန်းပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ပိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား ကူးသန်းသွားလာရေးအတွက် လူဝင်၊ လူထွက်ကိစ္စ အားလုံး ပြင်ဆင်ပြီးဖြစ်ပါကြောင်း၊ ဟိုတယ်ခရီးသွား လုပ်ငန်း၊ ကျန်းမာရေးဌာနနှင့် ပြည်ဝင်၊ ပြည်ထွက် သွားလာကြမည့် ခရီးသွားလုပ်ငန်းများကို မိမိနိုင်ငံ၏ ဥပဒေများနှင့်အညီ ဆောင်ရွက်သွားကြမည်ဖြစ်ပြီး လိုအပ်မှု၊ ချို့ယွင်းမှုတစ်စုံတစ်ရာရှိခဲ့ပါက နှစ်နိုင်ငံ ချုပ်ဆိုထားသည့် နယ်စပ်ဒေသစီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ပါ အချက် များအတိုင်း ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း၊ ယနေ့ တွင် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းသာမက နှစ်နိုင်ငံ တစ်ဖက်နှင့် တစ်ဖက်သတ်မှတ်ထားသည့် အဝင်၊ အထွက်စနစ် စာရွက်စာတမ်းများနှင့် လုပ်ထုံး လုပ်နည်းများအတိုင်း ဝင်ထွက်ခွင့်အတွက် တရားဝင် ဖွင့်လှစ်နိုင်ပြီးဖြစ်ပါကြောင်း၊ မြန်မာနှင့် လာအိုနိုင်ငံ သည် ၁၉၉၅ ခုနှစ်ကတည်းကစပြီး ဆယ်စုနှစ်ပေါင်း များစွာ သံတမန်ဆက်ဆံရေးကို ချစ်ခင်ရင်းနှီးစွာ ထူထောင်ခဲ့ကြပြီး နှစ်နိုင်ငံပြည်သူလူထုများသည် ယဉ်ကျေးမှုများ တူညီကြသည့်အပြင် ယုံကြည် ကိုးကွယ်သည့် ဘာသာရေးတရားလည်း တူညီကြပါ ကြောင်း၊ မြန်မာ - လာအို ချစ်ကြည်ရေးတံတား ကြီးသည် ပထဝီအနေအထားအရ မိမိတို့အိမ်နီးချင်း နိုင်ငံကို ပိုမိုနီးကပ်စေရန် ဆက်သွယ်ပေးရုံသာမက ပြည်သူအချင်းချင်း တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ ရိုင်းပင်းကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်သောစိတ်ဓာတ်များကိုပါ ချိတ်ဆက်ပေးမည့် တံတား တစ်စင်းအဖြစ် ခိုင်မာစွာ ယုံကြည်ပါကြောင်း၊ ချစ်ကြည်ရေး တံတားကြီးကို ပြန်လည်ဖွင့်လှစ် ပေးခြင်းဖြင့် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ကုန်သွယ်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ပြော ကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဆက်လက်၍ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ လုံနမ့်ထာ Provine၊ Vice Governor Mr.Sivillay PANKEO (မစ္စတာစီဗီးလိုင်းပန်ကရို) က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ- လာအို ချစ်ကြည်ရေးတံတားကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ လုံနမ့်ထာ Province ၊ Vice Governor Mr.Sivillay PANKEO (မစ္စတာစီဗီးလိုင်းပန်ကရို) နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးကြ၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းတို့က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လုံနမ့်ထာ Province ၊ Vice Governor Mr.Sivillay PANKEO နှင့်အဖွဲ့တို့အား အမှတ်တရ လက်ဆောင်ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်၊ Mr.Sivillay PANKEO တို့က တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြု ပန်းခြင်းများ ပေးအပ်ကြပြီးနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ လာအိုနိုင်ငံ ဧည့်သည်တော်များက မြန်မာ-လာအို ချစ်ကြည် ရေးတံတားကို လှည့်လည်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်မာ-လာအို ချစ်ကြည်ရေးတံတား မြန်မာဘက် အဝင်တွင် တာဝန်ထမ်းဆောင်နေသော အကောက်ခွန် ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ လုပ်ငန်းဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက် မှာကြား၍ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၄ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဟဲကျေးရွာအုပ်စု ပန်ကူ လားဟူကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်းဖော်ဆောင်ရေး စီမံကိန်းလုပ်ငန်း တည်းခို လုံးချင်းအိမ်များ ဆောင်ရွက်နေမှုကို ကြည့်ရှုရာ ခရီးသွားလုပ်ငန်းဖော်ဆောင်မှု Blue Sky Tiger ကုမ္ပဏီမှ တာဝန်ခံများက လိုက်လံရှင်းလင်းကြောင်း သိရသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ ရှင်းလင်းဆောင်ခန်းမ၌ လားဟူတိုင်းရင်းသား ဦးဟန်ဦးနှင့် ဦးကျလူးတို့က လုပ်ငန်းစဉ်တွင် ဆောက်လုပ်မည့် အစီအစဉ်များ၊ CBT ကျေးရွာအနီးအနားတွင် စိုက်ပျိုးရေးလုပ်ငန်း အား လေ့လာနိုင်ရန်အတွက် ကော်ဖီ ဧက ၃၂၀၊ လက်ဖက် ၂ ဧက၊ ထောပတ် ဧက ၂၀၀ ၊ ဒူးရင်း ဧက ၅၀၊ သရက် ဧက ၃၀၊ ပင်မှည့် ဧက ၄၀ တို့ကို စိုက်ပျိုးလုပ်ကိုင်နေမှုနှင့် ဒေသထွက် သစ်ဝါးများ အသုံးပြု၍ ဝါးလက်မှုပညာ ချောထည်ပစ္စည်း ထုတ်လုပ်ရောင်းချမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်မှာကြားသည်။ ထို့နောက် တာချီ လိတ်မြို့နယ် ရအယ်ရွာဟောင်းတွင် အာခါတိုင်းရင်း သားတို့ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေသော ကော်ဖီ စေ့ အဆင့်ဆင့်ထုတ်လုပ်နေမှုနှင့် ကော်ဖီအပင်များကို လှည့်လည်ကြည့်ရှုကြကြောင်း၊ အဆိုပါကော်ဖီခြံ သည် ဧက ၄၈၀ ရှိကြောင်း သိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)