
နေပြည်တော် မေ ၁၂
ဧပြီလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ရေထွက်ပစ္စည်းတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ သန်း တန်ဖိုးအထိ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ စစ်တွေ (ရွှေမင်းဂံ ဆိပ်ကမ်း)နှင့် မောင်တော (ကညင်ချောင်းကုန်သွယ်ရေးဇုန် ဆိပ်ကမ်း) နှစ်ခုမှ ကုန်သွယ်မှုပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆၃ ကုန်သွယ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း သိရှိရသည်။ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ကုန်မျိုးစုံ တန်ချိန် ၄၃၆၆ တန် (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၉ ဒေါ်လာသန်းဖိုး) တင်ပို့ခဲ့ပြီး သွင်းကုန်အဖြစ် အဝတ်အထည်များတင်သွင်းခဲ့သည်။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်းကုန်သွယ်ရေးဇုန်) မှ ပို့ကုန်မျိုးစုံ တန်ချိန် ၂၄၁၈ တန် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ သန်းဖိုး) တင်ပို့ခဲ့ပြီး သွင်းကုန်အဖြစ် အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၀၇၉ သန်းတန်ဖိုးရှိ ပီဗွီစီပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ၊ ရေပေး ဝေရေးလုပ်ငန်းသုံး ရေစုပ်မော်တာများ၊ လက်နှိပ်တုံကင်များ၊ ပန့်များ တင်သွင်းခဲ့သည်။
ရေထွက်ပစ္စည်းတင်ပို့မှုမှာ အမြင့်ဆုံးပို့ကုန်ဖြစ်ပြီး ယင်းသည် တင်ပို့မှုပို့ကုန်တန်ဖိုးများအားလုံး၏ ၅၁ ရာခိုင်နှုန်းခန့်ရှိကာသွင်းကုန်ဆောင်ရွက်မှုမှာ ၀ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။ ရေထွက်ပို့ကုန်များတွင် ရေချိုငါးမြစ်ချင်း၊ ဒေသထွက် ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးစုံကလေးခြောက်၊ ငါးမုတ်မဲ တို့အပြင် သီးနှံများဖြစ်သည့် ကြက်သွန်၊ ချင်းအစို၊ ဆီးသီးခြောက်၊ မန်ကျည်းစေ့၊ ကွမ်းသီး၊ ထန်းလျက်၊ တညင်းသီး၊ ကုလားပဲ၊ သရက်သီး၊ ငရုတ်သီးခြောက်စသည့် အခြေခံစားကုန်များ၊ ပြည်တွင်းထုတ် လူသုံးကုန်ပစ္စည်းများလည်း တင်ပို့ခဲ့ကြောင်းသိရသည်။