
ရန်ကုန် နိုဝင်ဘာ ၂၉
ဆန်တင်ပို့မှု အားကောင်းလာသဖြင့် စပါးဈေးတင်း ၁၀၀ လျှင် ငွေကျပ် ၁၃ သိန်းမှ ၁၆ သိန်းကျော်အထိ ပေါက်ဈေးများ ရရှိနေ ကြောင်း ဆန်စပါးဈေးကွက်အတွင်းမှ သိရသည်။
“စပါးဈေးက တင်း ၁၀၀ ကို အမြင့်ဆုံး ၁၆ သိန်းကျော်အထိ ပေါက်ဈေးရှိနေပါတယ်။ ဒီနှစ်စပါးပေါက်ဈေးတွေ အခုလိုတရိပ်ရိပ် တက်နေတဲ့ အကြောင်းရင်းထဲက တစ်ခုကတော့ စိုက်ပျိုးထုတ်လုပ် မှု နည်းတာကြောင့်လည်းပါတယ်။ အထွက်နှုန်းလည်း နည်းတယ်။ ဈေးကွက်လိုအပ်ချက်ကများပြီး စပါးအထွက်နှုန်းက နည်းတဲ့အခါ အခုလိုတွေ ဈေးတက်လာတဲ့သဘောပါ”ဟု ကျုံပျော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးထွန်းထွန်းဝေက ပြောသည်။
မြန်မာ- ဘင်္ဂလားဒေ့ရှ် အစိုးရချင်း သဘောတူညီမှုစာချုပ် အရ ဆန်တန်ချိန် သုံးသောင်းမှ ငါးသောင်းအထိ တင်ပို့ရန် လျာထားပြီး အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဆန်တန်ချိန် ၂၆၅၀ ကို စတင်တင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
“ဒီလဆန်းမှာကတည်းက ဆန်ချောဈေးတွေ အရင်စတက်လာ တာ။ ဆန်ချောဈေးတက်တက်ချင်းမှာ ဆန်ကြမ်းဈေးက လိုက် တက်တာမျိုးမရှိဘဲ အေးနေခဲ့သေးတယ်။ အခုရက်ပိုင်းမှာတော့ ဆန်ကြမ်းဈေးနှုန်းတွေလည်း အနည်းနဲ့အများဆိုသလို ဈေးလိုက် တက်လာပါတယ်။ နောက်ပိုင်းလည်း ဆက်တက်သွားဖို့ ရှိတယ်လို့ ခန့်မှန်းနေကြတာပဲ။ ဘယ်လောက်အထိ ဆက်တက်မလဲတော့ မသိရဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန် သည် ဦးမြင့်ဆွေက ပြောသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်းခွဲဝန်းကျင် တင်ပို့ ထားပြီး ဆန်ကွဲတန်ချိန် ၄ သိန်း ၃ သောင်းကျော် တင်ပို့ထား ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
နန်းထက်ထက်ချစ်