MNL ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲပြန်လည်ရယူပြီး ဆက်လက်ဦးဆောင်

 

ရန်ကုန်   ဇွန်  ၂


၂၀၂၃ ရာသီ  MNL  အမှတ်ပေးပြိုင်ပွဲ    ပွဲစဉ် (၇) နောက်ဆုံးနေ့ကို ဇွန် ၂ ရက်က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်း နိုင်ပွဲပြန်လည်ရရှိခဲ့သည်။
YUSC ကွင်း၌   ကျင်းပသည့်ပွဲတွင်  ရှမ်းယူ နိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် ရခိုင်ယူနိုက်တက်ကို ဂိုးပြတ်သွင်းပြီး ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ပြီးခဲ့သည့်ပွဲတွင်  တန်းတက်  ကချင်ယူနိုက်တက်ကို  မထင်မှတ်ဘဲ   သရေကျခဲ့သဖြင့် ဒုတိယနေရာမှ ရန်ကုန်အသင်းနှင့် အမှတ်ကွာဟမှုကျဉ်းမြောင်းသွားသည့် ရှမ်းယူနိုက်တက်အသင်းသည် ထိပ်ဆုံးနေရာတွင် ဆက်လက် ရပ်တည်နိုင်ရန် ရခိုင်အသင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ပွဲချိန် ၇ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း အဖွင့်ဂိုးရခဲ့ပြီး မတ်ခ် ဆာကီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ရဲရင့်အောင်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ၃၃ မိနစ်တွင် မတ်ခ်ဆာကီက ဒုတိယဂိုးထပ်မံသွင်းယူ ခဲ့သည်။ တတိယဂိုးကို ၈၇ မိနစ်တွင် တိုက်စစ်မှူး ဘယ်လိုက လှလှပပ သွင်းယူခဲ့သည်။ ရခိုင်အသင်းသည် ရမှတ်ထပ်မံရယူနိုင်ရန် ကြိုးပမ်း ခဲ့သော်လည်း အရှုံးနှင့်ပြန်လည်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ဒဂုံ စတားအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၇) အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၁၉ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်အသင်းက ၁၈ မှတ်၊ ဟံသာဝတီ နှင့် အား/ကာသိပ္ပံအသင်းက ၁၃ မှတ်စီ၊ မဟာယူနိုက်တက်အသင်းက ၁၁ မှတ်၊ ရတနာပုံနှင့် ရခိုင်ယူနိုက်တက်အသင်းက ရှစ်မှတ်စီ၊ ဒဂုံစတား နှင့် GFA အသင်းက ခုနစ်မှတ်စီ၊ မြဝတီနှင့် ကချင် ယူနိုက်တက်အသင်းက ငါးမှတ်စီ၊ ဧရာဝတီအသင်းက လေးမှတ် ရရှိထားသည်။      
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL