
ရန်ကုန် အောက်တိုဘာ ၃၁
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၉) ကို နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။
ပွဲစဉ် (၁၉) အဖြစ် နိုဝင်ဘာ ၁ ရက် (ယနေ့) တွင် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရတနာပုံအသင်း၊ သုဝဏ္ဏကွင်း၌ ဟံသာဝတီအသင်း နှင့် မဟာယူနိုက်တက်အသင်း၊ နိုဝင်ဘာ ၂ ရက်တွင် သုဝဏ္ဏကွင်း၌ GFA အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ YUSC ကွင်း၌ ကချင် ယူနိုက်တက်အသင်းနှင့် မြဝတီအသင်း၊ နိုဝင်ဘာ ၃ ရက်တွင် သုဝဏ္ဏ ကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ နိုဝင်ဘာ ၄ ရက်တွင် သုဝဏ္ဏကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ဒဂုံစတားအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထိပ်ဆုံးတွင် ဦးဆောင်နေသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ရခိုင် ယူနိုက်တက်နှင့် ပွဲကျပ်ကစားရမည်ဖြစ်ပြီး အနိုင်ရမှသာ ချန်ပီယံမျှော်လင့်ချက်ဆက်လက် အားကောင်းမည်ဖြစ်သည်။ GFA နှင့် ဧရာဝတီ ယူနိုက်တက်အသင်း တွေ့ဆုံသည့်ပွဲမှာ တန်းဆင်းဇုန်အတွက် အရေးပါသည့်ပွဲဖြစ် နေပြီး GFA အသင်း အနိုင်ရပါက တန်းဆင်း ဇုန်ကလွတ်ရန် ဆက်လက်မျှော်လင့်နိုင်မည် ဖြစ်ပြီး အရေးနိမ့်ပါက အခွင့်အရေး လွန်စွာ နည်းပါးသွားမည်ဖြစ်သည်။ ထို့ပြင် ကချင် ယူနိုက်တက်နှင့် မြဝတီ၊ ဟံသာဝတီနှင့် မဟာ ယူနိုက်တက်၊ အား/ကာသိပ္ပံနှင့် ဒဂုံစတား အသင်းတို့၏ တွေ့ဆုံမှုမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိနေသည်။
ပွဲစဉ် (၁၈) အပြီးတွင် ရှမ်းယူနိုက်တက် အသင်းက ၄၇ မှတ်ဖြင့် ဆက်လက်ဦးဆောင် နေပြီး ရန်ကုန်အသင်းက ၄၁ မှတ်၊ ဟံသာဝတီ အသင်းက ၃၁ မှတ်၊ အား/ကာ သိပ္ပံအသင်းက ၂၅ မှတ်၊ မဟာယူနိုက်တက်အသင်းက ၂၄ မှတ်၊ ရခိုင်ယူနိုက်တက်အသင်း က ရမှတ် ၂၀၊ ရတနာပုံ၊ ဒဂုံစတားနှင့် မြဝတီအသင်းတို့က ၁၉ မှတ်စီ၊ ဧရာဝတီအသင်းက ၁၈ မှတ်၊ GFA အသင်းက ၁၁ မှတ်၊ ကချင်ယူနိုက်တက် အသင်းက ၁၀ မှတ် ရရှိထားသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - MNL