
အောင်ကိုကို
မကွေးတိုင်းဒေသကြီးသည် အပူပိုင်းဒေသဖြစ်သော်လည်း မန်းချောင်းရေလှောင်တမံကြောင့် ဆည်ရေသောက် ဒေသစိုက်ပျိုးရေးသည် ရာသီပတ်လုံး လည်ပတ် နေသည်။ ရခိုင်ရိုးမတောင်တန်းများပေါ်မှ စီးဆင်းလာသော ချောင်းများနှင့် မန်းချောင်းကိုပိတ်၍ မန်းချောင်းရေလှောင်တမံကို တည်ဆောက်ကာ ဒေသ စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေကို ပေးဝေလျက်ရှိသည်။
မန်းချောင်း ရေလှောင်တမံကို ၁၉၉၅-၁၉၉၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ဆည် တည်ဆောက်ပြီးစီးခဲ့သည့် ၁၉၉၈-၁၉၉၉ ခုနှစ်တွင် ပြီးစီးမှ စတင်ကာ ဒေသစိုက်ပျိုးရေးအတွက် ဆည်ရေပေးဝေလျက်ရှိသည်။ မန်းချောင်းရေ လှောင်တမံသည် မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင် ငဖဲမြို့နယ်တွင် တည်ရှိပြီး တမံအလျား ပေ ၄၄၈၀၊ တမံအမြင့် ၁၃၅ ပေ၊ ကန်ရေပြည့် ရေလှောင် ပမာဏ ဧကပေ ၁၂၀၀၀၀ နှင့် ရေဆင်း ဧရိယာ ၁၃၆ စတုရန်းမိုင် ရှိသည်။
စိုက်ပျိုးမြေများသို့ ရေပေးဝေလျက်ရှိ
မန်းချောင်းရေလှောင်တမံ ဆည်ရေသောက် စနစ်တွင် စိုက်ပျိုးနိုင်သည့် စိစစ်ဧက ၃၁၈၅ ဧကရှိ သည်။ မန်းချောင်းရေလှောင်တမံ ဆည်ရေကို မင်းဘူး(စကု)မြို့နယ်ရှိ အိုင်းမရေလွှဲဆည်သို့ ရေကူပေးဝေလျက်ရှိကာ အိုင်းမရေလွှဲဆည် ရေသောက်စနစ်တွင် စိစစ်ဧက ၃၆၁၈၉ ဧက တည်ရှိ သည်။ အိုင်းမရေလွှဲဆည်မှ မင်းဘူး၊ စကု၊ ပွင့်ဖြူ မြို့နယ်များရှိ စိုက်ပျိုးမြေများသို့ ရေပေးဝေလျက်ရှိ သည်။
“ဒီရေလှောင်တမံရေကို လက်ဝဲတူးမြောင်း၊ လက်ယာတူးမြောင်းနဲ့ ရေပေးဝေတယ်။ ရေလှောင် တမံကရေကိုရေလှောင်တမံ အောက်ဘက်က အိုင်းမ ရေလွှဲဆည်ကနေပြီးတော့လည်း ပေးဝေပါတယ်။ ရေပေးဝေတာကို နေရာနဲ့ ပြောရရင် ငဖဲ၊ မင်းဘူးနဲ့ စကုမြို့နယ် စိုက်ဧကတွေက များတယ်။ ပွင့်ဖြူ မြို့နယ်ကတော့ နယ်အစပ်ဖြစ်တဲ့အတွက် စိုက်ဧက နည်းနည်းပဲပါတယ်။ ပွင့်ဖြူမြို့နယ် စိုက်ဧကတွေကို အဓိကရေပေးတာက မုန်းချောင်းပေါ်က မဲဇလီ ရေလွှဲဆည်က ဖြစ်ပါတယ် ” ဟု မင်းဘူးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇင်သက်က ပြောသည်။
စိုက်ပျိုးရန် လျာထား
ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် မန်းချောင်းတမံ ဆည်ရေသောက်စနစ်မှ စိုက်ပျိုး ဧက ၂၉၇၁ ဧကနှင့် အိုင်းမရေလွှဲဆည် ရေသောက် စနစ်မှ ၃၂၃၉၃ ဧက စုစုပေါင်း ၃၅၃၆၄ ဧက စိုက်ပျိုး ရန် လျာထားပြီးဖြစ်ကြောင်း မင်းဘူးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မှ သိရသည်။
ယခုအခါ နွေသီးနှံများ ရိတ်သိမ်းပြီး မိုးစပါး စိုက်ပျိုးရန် ပျိုးထောင်ချိန်ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်မှစတင်ကာ စိုက်ပျိုးရေပေးဝေ နေပြီဖြစ်သည်။
စုစုပေါင်း ၃၅၃၆၄ ဧက စိုက်ပျိုးနိုင်ခဲ့
“ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် နွေသီးနှံစိုက်ပျိုး ရာသီမှာ မန်းချောင်းတမံကနေ ၁၆၉၃ ဧက၊ အိုင်းမ ရေလွှဲဆည်က ဧက ၁၅၆၄၀ စုစုပေါင်း ၁၇၃၃၃ ဧက စိုက်ပျိုးခဲ့ပြီး ဖြစ်ပါတယ်။ မိုးစပါးမှာတော့ မန်းချောင်းတမံကနေ ၂၉၇၁ ဧက၊ အိုင်းမရေလွှဲဆည် က ၃၂၃၉၃ ဧက စုစုပေါင်း ၃၅၃၆၄ ဧက စိုက်ပျိုး နိုင်ခဲ့ပါတယ်” ဟု မင်းဘူးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိက ပြောသည်။
မန်းချောင်းရေလှောင်တမံ ရေသိုလှောင်မှု ပမာဏအရ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး ၃၅၃၆၄ ဧက၊ နွေသီးနှံ ၁၇၃၃၃ ဧကကို စိုက်ပျိုးရေပေးဝေနိုင် ခဲ့သည်။ ထို့အတူ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး လျာထားဧက ၃၅၃၆၄ ဧကအတွက်ပါ ပျိုးထောင်ရေ အပြည့်အဝ ပေးဝေခဲ့ပြီးဖြစ်ကြောင်း မင်းဘူးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ သိရှိရသည်။
စုပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိ
“အခုက စပါးပျိုးထောင်ကာလဆိုတော့ ဆည် ရေပြတ်တောက်မှုမရှိဖို့၊ ရေပြည့်ဝဖူလုံစွာ ရရှိဖို့ ဆည်မြောင်းဌာနက စနစ်တကျ စီမံခန့်ခွဲပေးဝေနေ ပါတယ်။ ကျွန်တော်တို့ တောင်သူတွေဘက်ကလည်း ရေကို အလေအလွင့်မရှိ စည်းကမ်းနဲ့ သုံးစွဲစေဖို့ရာ ဌာနဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး မြောင်းတွေကို ပြုပြင်တာ၊ ရေခွဲဝေသုံးစွဲမှု၊ စီမံခန့်ခွဲမှုအတွက် တောင်သူတွေပါဝင်တဲ့ ရေအသုံးချသူများ အဖွဲ့တွေ စုပေါင်းညှိနှိုင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ညောင်ကိုင်းကျေးရွာ WUG ခေါင်းဆောင် ဦးထွန်းထွန်းက ပြောကြားသည်။
မန်းချောင်းရေလှောင်တမံနှင့် အိုင်းမ ရေသောက်စနစ်အတွင်း ရေအသုံးချသူများအဖွဲ့ (Water User Group – WUG) အဖွဲ့ပေါင်း ၅၀ ကျော် ဖွဲ့စည်းပြီး ဆည်ရေသုံးစွဲမှု စနစ်တကျ ခွဲဝေသုံးစွဲ ရေး၊ တောင်သူအချင်းချင်း ဆည်ရေရယူမှု အငြင်း ပွားမှုအား စုပေါင်းညှိနှိုင်းဖြေရှင်းစေခြင်း၊ လယ် ကြားမြောင်းများ၊ ရေယူမြောင်းများအား စနစ်တကျ တူးဖော်ခြင်း၊ ထိန်းသိမ်းခြင်းများကို ဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ဆည်ရေကို လုံလောက်စွာ ပေးဝေ
“ကျွန်တော်တို့ ရေသိုလှောင်မှုပမာဏအရ မနှစ် ကမိုးစပါး၊ နွေစပါးအတွက် ဆည်ရေကို လုံလောက် စွာ အပြည့်အဝ ပေးဝေထားခဲ့ပြီး ဖြစ်ပါတယ်။ အခုနှစ်အတွက် ပျိုးထောင်ရေတော့ ပေးဝေပြီးဖြစ်ပါ တယ်။ ဒါပေမယ့် လက်ရှိတမံအတွင်း လက်ကျန် သိုလှောင်ရေပမာဏကတော့ သတ်မှတ်ချက် အောက်မှာ ရှိနေပါတယ်။ မိုးရွာသွန်းမှုရှိရင် သတ်မှတ်ရေလှောင်ပမာဏ ရရင်တော့ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးလျာထားဧကအားလုံး ဆည်ရေ အပြည့်အဝပေးဝေနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးစီး အရာရှိ(မြို့ပြ) က ပြောသည်။
ဒေသစိုက်ပျိုးရေးအတွက် ရာသီဥတု အခြေအနေ အပြောင်းအလဲများကြားမှ ရာသီ အလိုက်သီးနှံများ စိုက်ပျိုးရာတွင် နိုင်ငံတော်နှင့် တောင်သူများအကျိုးစီးပွားကို ရှေးရှု၍ စိုက်ပျိုးရေပြည့်ဝဖူလုံစွာရရှိရေး၊ ဆည်ရေစနစ်တကျ စီမံခန့်ခွဲ နိုင်ရေး၊ လက်တွေ့ကျကျ စီမံဆောင်ရွက်နိုင်ရေးများ ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ဌာန ဆိုင်ရာများ၊ တောင်သူများ၊ ရေအသုံးချသူများအဖွဲ့ (WUG) အဖွဲ့များနှင့် အစဉ်ပူးပေါင်းပြီး မျက်ခြည် မပြတ် စီမံဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်က ပြောသည်။
ဒေသတွင်း တောင်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေး၊ တစ်သီးစားမှသည် နှစ်သီးစား၊ သုံးသီးစားအထိ တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ နည်းပညာအကူအညီ ရရှိ ရေး၊ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး လူမှုရေး၊ စီးပွားရေးများ၊ စားနပ်ရိက္ခာဖူလုံရေး အစရှိသည့် အခြေခံစနစ်များ ခိုင်မာရေးအတွက် အထောက် အကူဖြစ်စေနိုင်ရန် ရည်ရွယ်ကာ မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်း၍ ပြည်ကျိုးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ထမ်းဆောင်လျက်ရှိပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
- Log in to post comments