မန်းချောင်းနှင့် ရင်းရှည်ရေလှောင်တမံတို့မှ ရေကျော်နေ၍ အရေးပေါ်အခြေအနေ အသိပေးနှိုးဆော်ထား

 

ငဖဲ   စက်တင်ဘာ  ၂၅


မကွေးတိုင်းဒေသကြီး   ငဖဲမြို့နယ်ရှိ  မန်းချောင်းရေ လှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံတို့တွင် ရေပို လွှဲမှ ရေကျော်ကျနေ၍ အရေးပေါ်အခြေအနေ အဆင့် (၁)အဖြစ် အစိမ်းရောင်အလံလွှင့်ထူကာ ပြည်သူများ အား အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ထားကြောင်း ငဖဲမြို့နယ်  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှူး ဦးအောင်ကိုဦးထံမှ သိရသည်။


မန်းချောင်းရေလှောင်တမံသည်  ယနေ့နံနက် ၁၀ နာရီ တိုင်းတာချက်အရ ဆည်ရေပြည့်အမှတ် ၆၂၅ ပေကို ကျော်လွန်၍   ၆၂၅   ဒသမ  ၈ ပေသို့ ရောက်ရှိပြီး   ပင်မရေပိုလွှဲမှ   ၀ ဒသမ ၈ ပေ ရေကျော်လျက်ရှိပြီး ရင်းရှည်ရေလှောင်တမံသည် ဆည်ရေပြည့်အမှတ် ၆၀၂ ပေကို  ကျော်လွန်၍ ၆၀၂ ဒသမ ၃ ပေသို့ ရောက်ရှိပြီး ၀ ဒသမ ၃ ပေ ရေကျော် နေခြင်းဖြစ်ကာ ရေကျော်မှုအခြေအနေကို  မြို့နယ် အတွင်းရှိပြည်သူများ   သိရှိနိုင်ရန်    အရေးပေါ် အခြေအနေ ကြိုတင် စီမံခန့်ခွဲမှုအဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရှင်းလင်း ဆောင်နေရာများတွင်လည်းကောင်း၊  မန်းချောင်း ဘေးရှိ   ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများနှင့် ကျေးရွာခွဲများတွင်လည်းကောင်း အစိမ်းရောင်အလံ များ စိုက်ထူ၍ အသိပေးနှိုးဆော်ထားခြင်းဖြစ်သည်။


အဆိုပါ ရေလှောင်တမံတွင်  နှစ်စဉ်ပင်မရေပို လွှဲမှရေကျော်လေ့ရှိကာ ယခုနှစ်  ဩဂုတ်  ၁၃  ရက် ကလည်း ၀ ဒသမ  ၈  ပေအထိ မြင့်တက်၍ ရေကျော် ကျခဲ့မှုရှိခဲ့ပြီး    ယနေ့တွင်လည်း ၀ ဒသမ ၈ ပေ ထပ်မံရေကျော်ခြင်းဖြစ်ကာ စက်တင်ဘာလ စတုတ္ထ ပတ်အတွင်း    မိုးရွာသွန်းမှုများခဲ့သည့်အတွက်   ရင်းရှည်ဆည်နှင့်    မန်းဆည်အတွင်း    တောင်ကျ ချောင်းရေနှင့် မိုးရေများ အဆက်မပြတ်ဝင်ရောက်မှု ကြောင့်  ရေပိုလွှဲမှ   ရေကျော်ကျခြင်းဖြစ်ကြောင်း၊  သဘာဝဘေးအန္တရာယ်    ကင်းဝေးရေးအတွက် အရေးပေါ်အခြေအနေ  ကြိုတင်စီမံခန့်ခွဲမှု စီမံချက် အရ ပြည်သူများသိရှိနိုင်ရန် အသိပေးနှိုးဆော်ထား ခြင်းဖြစ်ပြီး    လက်ရှိအခြေအနေမှာ  ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း၊ တမံ၊ ရေထုတ်ပြွန်နှင့်    ဆက်စပ်အဆောက်အအုံများ အားလုံး    ကြံ့ခိုင်ကောင်းမွန်ကြောင်းနှင့်  ၂၄  နာရီ ရေကင်းတာဝန်ချထားပြီး    ကြီးကြပ်စောင့်ကြည့် လျက်ရှိကြောင်း  သိရသည်။


မယု(ငဖဲ)