မင်းရန်အောင်၊ မော်ဖဒေသနှင့် မက်မန်းမြို့သာယာ

Type
1

 

မြင့်စိုး(နတလ)

(ယမန်နေ့မှအဆက်) 

 

မော်ဖဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအစ
နိုင်ငံတော်အကြီးအကဲများနှင့်       တပ်မတော် အကြီးအကဲများ  မရောက်ဖူး၊  မသွားဖူး၊   မနေဖူး သော ဒေသဟူ၍ အလွန်ရှားသည်။ မော်ဖဒေသ၏ ဒုက္ခတွေကို  ကောင်းစွာသိ၏။  ထို့ကြောင့်  မော်ဖ ဒေသ    နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို    ၁၉၈၉ ခုနှစ်အတွင်းမှာပင် အစပျိုးဆောင်ရွက်ပေးခဲ့သည်။
၁၉၈၉   ခုနှစ်  ဇွန်လမှ  စက်တင်ဘာလအထိ မော်ဖဒေသကျေးရွာအုပ်စု   ၁၁  ခု၊ ကျေးရွာပေါင်း ၆၉  ရွာ၌  တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်း များ  ကောက်ယူခဲ့သည်။   သက်သာဆိုင်   သုံးဆိုင် ဖွင့်၍  ဆန်၊ ဆား၊ ဒန်အိုး၊ ဒန်ခွက်၊ ဆပ်ပြာ၊ ငါးပိ၊ ငါးခြောက်၊   အာလူး၊   ရေနံဆီ၊    ဖယောင်းတိုင်၊ လက်ဖက်ခြောက်     စသည်တို့ကို    ရောင်းချပေး သည်။
၁၉၈၉  ခုနှစ်အတွင်း  မက်မန်း၊ ကောင်းလန်း၊ အေးကျန့်၊    ငှက်ယောင်း၊   ဝိန်းနောင်၊    ဆွတ်ဝိုး၊ မော်ဝမ်၊ တာကော်လေးတို့တွင် အမကကျောင်းများ စတင်ဖွင့်လှစ်သည်။  ဆက်လက်၍  မုလု၊ မန်ဝိန်း၊ အိုင်ကလောင်၊  ပန်ခူး၊ နမ့်ကော်၊ ရောင်အူ၊ ပန်နင်း၊ ဝမ်စလောင်း၊   မငေါက်၊  ပန်ကွဲ၊ ကွန်ကောင်းကြီး၊ တွယ်နောက်နှင့်     ငဟောင်တို့တွင်      ဖွင့်လှစ်ပေးခဲ့ သည်။ အလားတူ  ၁၉၈၉  ခုနှစ်တွင်  မက်မန်းနှင့် ဆွတ်ဝိုး၌        ဆေးရုံများဖွင့်လှစ်၍လည်းကောင်း၊ ဝိန်းနောင်တွင်              ဆေးပေးခန်းဖွင့်လှစ်ပေး၍ လည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ စတင်ခဲ့ပြီး ဝမ်စလောင်း၊ ရောင်အူ၊ ငှက်ယောင်း၊ ကောင်းလန်၊   မုလု၊     တာကော်လေး၊   မန်ဝိန်း ဆေးခန်းများကို ဆက်လက်ဖွင့်လှစ်ပေးခဲ့သည်။
၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မော်ဖဒေသ နေ    သွေးချင်းများအတွက်    ကာကွယ်ရေးဝန်ကြီး ဌာနက   တပ်မတော်  သက်သာအရောင်းဆိုင်  ၁၇  ဆိုင်ဖွင့်၍   ငါးခြောက်ပိဿာ  ၁၀၀၀၊ ဆားပိဿာ ၅၀၀၀၊ သကြားနှင့် ဘီစကွတ်မုန့်များ ရောင်းချပေးခဲ့ သည်။ အလားတူ နယ်စပ်ဒေသနှင့်   တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု  အကောင်အထည် ဖော်ရေးလုပ်ငန်း ကော်မတီအနေဖြင့်လည်း အိမ်မိုး သွပ်နှင့်  ပြောင်သွပ်များ၊  ဘိလပ်မြေ၊  သံမျိုးစုံနှင့် ၄   ကေဗွီအေ     မီးစက်များ   ထောက်ပံ့ပေးခဲ့သည်။ ပညာရေးဝန်ကြီးဌာနမှ     ကျောင်းသုံးစာအုပ်များ၊ လူမှုဝန်ထမ်းဝန်ကြီးဌာန၊ သစ်တောရေးရာဝန်ကြီး ဌာန၊    မွေးမြူရေးနှင့်     ရေလုပ်ငန်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ လှူဒါန်းသော လူသုံးကုန်ပစ္စည်းများကိုလည်း     မော်ဖဒေသသို့ ပေးပို့ခဲ့သည်။ နတလမှ ပေးပို့သော မီးစက်များဖြင့် မက်မန်း၊ ဝိန်းနောင်နှင့်  ဆွတ်ဝိုးတို့သည် ၁၉၉၀ ပြည့်နှစ် မတ် ၂၇ ရက်မှစတင်ကာ မီးလင်းခဲ့သည်။ ဆက်လက်၍   မော်ဝမ်၊   နမ့်နန်း၊     ဝမ်စလောင်း၊ တာကော်လေး၊  ရောင်အူတို့ကိုလည်း မီးလင်းသော ရွာများအဖြစ် ဖြစ်လာစေခဲ့သည်။
မော်ဖဒေသ စိုက်ပျိုးရေးလုပ်ငန်းများကို ၁၉၉၀ ပြည့်နှစ်အတွင်း    နမ့်နန်းချောင်းတစ်ဝိုက်   နေရာ ဖော်ထုတ်ခြင်းနှင့်  မော်ဝမ်ရွာ စံပြစိုက်ခင်းတို့ဖြင့် အစပြုခဲ့သည်။  စပါးမျိုး၊  ပြောင်းမျိုး၊   မြေဩဇာ၊ ပိုးသတ်ဆေးများ   ပို့ပေးခဲ့၏။    စိုက်ပျိုးရေးရုံး တစ်ရုံး၊ စိုက်ပျိုးရေးစခန်းနှစ်ခု  ထားရှိပေးသည်။ လွယ်ပါ-လွယ်ဟိုလာလမ်း၊        တာကော်လေး-မက်မန်းလမ်း၊ ပွိုင့်  ၆၀၂၈- ရောင်အော် - ပန်ဆန်း လမ်းများ ဖောက်လုပ်ပေးပြီး ပေ  ၃၇၀ အရှည်ရှိ ဝမ်တာခက်တံတား တည်ဆောက်ခဲ့သည်။
မက်မန်းမြို့သစ် တည်ဆောက်ရေး
မက်မန်းရွာမှ     မြို့ဖြစ်လာသည်။     မြို့သစ် တည်ဆောက်ရေးကို ၁၉၉၁ ခုနှစ် ဇူလိုင်လတွင် တပ်မ ၇၇ နည်းဗျူဟာ ၇၇၃  မှူး  ဗိုလ်မှူးကြီးရန်သိန်း (ဗိုလ်မှူးချုပ်ရန်သိန်း-ငြိမ်း) က ဦးစီးဆောင်ရွက်ခဲ့ရာ တပ်မတော်သားများ၊          ဌာနဆိုင်ရာဝန်ထမ်းများ တက်ညီလက်ညီ   ဝိုင်းဝန်းပါဝင်ကြ၏။    မင်းရန် အောင်စေတီကို တည်ထားကိုးကွယ်ပြီး ဘုန်းတော် ကြီးကျောင်း ဆောက်လုပ်ခဲ့သည်။ မြို့နယ်အဆင့်နှင့် လျော်ညီစွာ တယ်လီဖုန်းလိုင်း ၃၀  ပါ အိတ်ချိန်း တပ်ဆင်ပေးခဲ့၏။ တာကော်လေးတွင် ကြေးနန်းရုံး ဖွင့်ပေးသည်။   ဤသည်တို့ကား    မော်ဖဒေသ၏ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ကနဦးနိဒါန်းအစ ဖြစ်ပါသည်။ ဆက်လက်၍လည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးခဲ့သည်။ သက်ဆိုင်ရာကဏ္ဍအလိုက် အဆင့်တိုးမြှင့်ပေးမှုများလည်းရှိခဲ့သည်။   ယနေ့ အချိန်တွင် မက်မန်းအထကနှင့်  စာစစ်ဌာန ရရှိခဲ့ ပေပြီ။
၂၀၁၈ ခုနှစ် မော်ဖဒေသို့ ရောက်ခဲ့စဉ်က
နတလဝန်ထမ်းဘဝဖြင့် သွားရောက်ခဲ့ခြင်းဖြစ် သည်။ ဆွတ်ဝိုးဆေးရုံသို့   ဝင်ရောက်ပြီး   ဆေးရုံ ဝန်ထမ်းများအတွက်        စားသောက်ဖွယ်ရာများ၊ စာအုပ်လက်ဆောင်များ   ပေးခဲ့ပါသည်။   မက်မန်း မြို့ကို     ရောက်လျှင်ရောက်ချင်း    မင်းရန်အောင် စေတီတော်ကို သွားရောက်ဖူးမြော်သည်။ ထိုစဉ်က ပညာဒီပကျောင်းတွင်           ကျောင်းဆောင်သစ် တစ်ဆောင်  ဆောက်လုပ်နေပေရာ ပြည်ထောင်စု ဝန်ကြီး     ဒုတိယဗိုလ်ချုပ်ကြီး        ရဲအောင်ထံ လှမ်းသတင်းပို့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနအနေ ဖြင့် အလှူငွေကျပ်သိန်း  ၂၀၀  လှူဒါန်းခဲ့ပါသည်။ ကျိုင်းတုံမှ မက်မန်းမြို့သို့ ထွက်မလာမီ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးထံ    ဝင်ရောက်သတင်း ပို့ခဲ့ရာ    တိုင်းမှူးကလည်း   မော်ဖဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည်များ မှာကြားပါသည်။ 
သူ၏    အကြံပြုချက်များကို     ပြည်ထောင်စု ဝန်ကြီးထံ တင်ပြပြီးနောက် မက်မန်းမြို့နယ်ထဲမှ ကျေးရွာ ၁၂ ရွာအတွက် ဆိုလာမီး ၃၆၆ စုံ၊ မြို့နယ် အတွင်းရှိ အထက၊ အလက၊ အလက (ခွဲ)၊ အမက ကျောင်းများ စုစုပေါင်း ၃၃ ကျောင်းတွင် လာရောက် တာဝန်ထမ်းဆောင်နေသော   ဆရာ   ဆရာမများ အတွက် ဆိုလာမီး ၅၈ စုံ၊  မင်းရန်အောင်ကျေးရွာ အတွက် ဆိုလာမီး ၃၂ စုံ ထောက်ပံ့ပေးခဲ့ပါသည်။ ထို့ပြင်  မင်းရန်အောင်ကျေးရွာအတွက် ဘုန်းကြီး ကျောင်း တစ်ကျောင်း၊ ဆရာ  ဆရာမများအတွက် တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ တစ်လုံးတို့ကိုလည်း ခွင့်ပြုပေးခဲ့ပါသည်။    မက်မန်းမြို့ရှိ    ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်   ပြန်မည့်မနက်ခင်းမှာ    တွေ့ဆုံ နှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါ သည်။ 
မက်မန်းသည်     ဝန်ထမ်းပျော်မြို့လေးအဖြစ် တည်ရှိလာသည်မှာ       နှစ်ပေါင်းမနည်းတော့ပြီ။ မော်ဖဒေသသို့ရောက်ရှိခိုက် မက်မန်းမြို့ ပတ်ဝန်း ကျင်မှ     လမ်းဖောက်လုပ်ရေးလုပ်ငန်း၊     တံတား တည်ဆောက်ရေးလုပ်ငန်းများကို  ကြည့်ရှုခဲ့သလို ရောင်အူကြီးဘက်သို့လည်း သွားရောက်၍ နတလ လမ်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုခရီးစဉ်၌ ကျွန်တော်သည် မင်းရန်အောင်ကျေးရွာ လေးသို့ မရောက်ခဲ့ပါ။
မက်မန်းမြို့သို့ နှစ်ခေါက်လေ
ဒါရိုက်တာကြီး     ဦးတင်ယု၏   မေတ္တာဘုံသို့ နှစ်ခေါက်လေ     ရုပ်ရှင်ဇာတ်ကားနာမည်လေးကို သဘောကျခဲ့သည်။   ကျွန်တော်  သံယောဇဉ်ဖြစ်ခဲ့ ရသော  မြို့ရွာဒေသများသို့      ဒုတိယတစ်ခေါက် ပြန်ရောက်ခဲ့လျှင်   ဤကဲ့သို့  ဆောင်းပါးခေါင်းစဉ် လေးတွေပေး၍    ရေးခဲ့ဖူးသည်။     ဟိုမိန်းမြို့သို့ နှစ်ခေါက်လေ၊  ထိန်ညိုတောင်သို့   နှစ်ခေါက်လေ စသည်ဖြင့်…။  ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရောက်ခဲ့ သော မက်မန်းမြို့လေးကို ကျွန်တော်မမေ့ခဲ့၊၊  သည့် အတွက် နတလဝန်ထမ်းဘဝမှ အငြိမ်းစားယူထား သည့် အချိန်ကာလ ၂၀၂၂ ခုနှစ်   မတ်  ၄  ရက်မှာ မိတ်ဆွေတစ်ယောက်၏ အကူအညီဖြင့် မက်မန်းသို့ ဒုတိယတစ်ခေါက် ထပ်မံရောက်ဖြစ်ခဲ့သည်။ 
ဤတစ်ကြိမ်မှာတော့ ကျွန်တော်သည် နတလ ဝန်ထမ်းမဟုတ်တော့၍     ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် မကူညီနိုင်တော့ပါ။ သို့ရာတွင် ထိုဒေသ မှ ကလေးငယ်များ၏ ပညာရေးကို အထောက်အကူ ဖြစ်စေခြင်းငှာ အထကကျောင်းသို့ သွားရောက်ပြီး ကျောင်းသား    ကျောင်းသူလေးများနှင့် တွေ့ဆုံကာ နယ်စပ်ရေးရာ ဝန်ကြီးဌာနက   ဖွင့်လှစ်ထားသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ    ဖွံ့ဖြိုးရေးတက္ကသိုလ် အကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များအကြောင်း    ဟောပြောဆွေးနွေးပြီး    ပါလာသော မဂ္ဂဇင်းစာအုပ် များ၊ အခြားစာအုပ်စာစောင်များကို   ပေးအပ် လှူဒါန်းခဲ့ပါသည်။    မက်မန်း  ပြန်/ဆက်အတွက် လည်း သပ်သပ်လှူခဲ့သေး၏။ 
ထိုစဉ်က   ကျွန်တော့်မိတ်ဆွေ  ကိုဗလ(ခေါ်) ကိုမိုးခိုင်အိမ်မှာ     ကျွန်တော်တစ်ညအိပ်ခဲ့သည်။ သူ့အိမ်ရှေ့မှနေ၍  အနောက်ဘက်တောင်တန်းများ ပေါ်မှ         နေဝင်ဆည်းဆာအလှကို       တဝကြီး ထိုင်ကြည့်ခဲ့ရသည်။    နောက်တစ်နေ့   မက်မန်းမှ ပြန်ထွက်လာချိန်       စိတ်ထဲမှာ        တွေးလိုက် မိသည်။  မက်မန်းမြို့လေးကို      နောင်ဘယ်တော့မှ မရောက်နိုင်တော့ပြီဟူ၍…။      သို့သော်ငြားလည်း   ကံကြမ္မာ ဖန်လာလိုက်ပုံများ၊ ကျွန်တော်ချစ်သော မော်ဖဒေသ မက်မန်းမြို့လေးသို့ ၂၀၂၂ ခုနှစ် ဧပြီလ မှာ    တတိယတစ်ခေါက်   ထပ်ရောက်ခဲ့ရသည်။ အဘဦးညွန့်ဆွေတို့       ခရီးစဉ်နှင့်။         ယင်းနောက်    ပြီးခဲ့သည့်  အောက်တိုဘာ  ၁၈  ရက်မှာ  စတုတ္ထ အကြိမ်မြောက် ရောက်ခဲ့ရပြန်ပါပကော။ မက်မန်း မြို့သို့ နှစ်ခေါက်လေ မကတော့ပြီ။
မင်းရန်အောင်ကျေးရွာလေးဆီသို့
ယခုတစ်ခေါက် မော်ဖဒေသ မက်မန်းခရီးစဉ်မှာ ကျွန်တော်   ပထမဆုံးဝင်ဖြစ်ခဲ့သည်က    မင်းရန် အောင်ကျေးရွာလေးရှိရာကိုပဲ ဖြစ်သည်။ မိုင်းပြင်းမှ မက်မန်းသို့သွားရာကားလမ်းအတိုင်း အောင်သံလွင် ကို     ကျော်ပြီး      နန့်ဟာနူးကျေးရွာသို့အရောက် အနောက်ဘက်သို့ချိုးကာ အတန်ငယ်ဝင်ရသည်။ နန့်ဟာနူး-ဝိန်းနောင် ကူးတို့ဆိပ်သို့သွားသော ကားလမ်း   ၁၄/၀    မိုင်ပေါ်တွင်      တည်ရှိ၏။ ရောက်ချင်တာကြာပြီဖြစ်သော၊    ၂၀၁၈   ခုနှစ်က ဆိုလာမီး၊ ဆရာ ဆရာမ ဝန်ထမ်းအိမ်ရာ၊ ဘုန်းကြီး ကျောင်းများ ခွင့်ပြုပေးခဲ့ဖူးသော  မင်းရန်အောင် ကျေးရွာလေးကို   ရောက်ခဲ့ပါပြီ။    ထိုထက်ပို၍ ညွှန်းဆိုရလျှင်     မင်းရန်အောင်စစ်ဆင်ရေးကြီးကို ဂုဏ်ပြုတည်ထောင်ထားသော ရွာလေးတစ်ရွာသို့ ရောက်ခွင့်ကြုံခဲ့ပြီဖြစ်၍   ကျွန်တော်     ကြည်နူး ဝမ်းသာဖြစ်ခဲ့မိပါသည်။    ရောက်တုန်းရောက်ခိုက် ကျေးရွာသူ       ကျေးရွာသားများနှင့်         တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စများ   မေးမြန်းဆွေးနွေးဖြစ်ခဲ့ သည်။ 
မိမိတို့ဝန်ကြီးဌာန   အသေးစားစက်မှု  လက်မှု လုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးနေသော “အသေးစားကုန်ထုတ်လုပ်ငန်းများ  ဖန်တီးပေးနိုင် ရေးနှင့်   ကျေးလက်နေ   မိသားစုဝင်ငွေတိုးရေး” စီမံကိန်းတွင်ပါဝင်သည့်     သင်တန်းတစ်မျိုးမျိုးကို လာမည့်ဘဏ္ဍာနှစ်တွင် သင်ကြားပေးရန် မှာကြားခဲ့ သည်။   ဆိုင်ကယ်ပြင်သင်တန်း၊   ဝါးလက်မှုထည် သင်တန်းကဲ့သို့ သင်တန်းများ  သင်ကြားပေးနိုင်ပါ သည်။ ကျေးရွာဘက်စုံသုံးခန်းမ  တည်ဆောက်နိုင် ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆွတ်ဝိုးအုပ်စု ရောင်ခွန်ရွာအတွက်လည်း         ဘက်စုံသုံးခန်းမ တည်ဆောက်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။ 
မင်းရန်အောင်ရွာ     အမကကျောင်းလေးတွင် ပညာသင်ကြားနေမှုနှင့် ကျောင်း၏လိုအပ်ချက်တို့ကို သွားရောက်ကြည့်ရှုခဲ့ပါသည်။      မင်းရန်အောင်မှ မက်မန်းသို့ ဆက်လက်ထွက်ခွာလာခဲ့ရာ လမ်းတွင် ငှက်ယောင်းကျေးရွာ           ကုန်ထုတ်လမ်းကို လည်းကောင်း၊      ကွန်ဟောင်းကျေးရွာ    VDP ကွန်ကရစ်လမ်း ဆောင်ရွက်ပေးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍       လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ရောက်ခဲ့ပါပြီ မက်မန်းမြို့လေးဆီ
အောက်တိုဘာ  ၁၈ ရက် ညဦးပိုင်းမှာ မက်မန်း မြို့လေးသို့  ရောက်လာခဲ့ပြီး   ထွေအုပ်ရိပ်သာမှာ တည်းခိုကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းတို့ ဇနီးမောင်နှံနှင့်  ဝန်ထမ်းများ၏ ဧည့်ဝတ်ပျူငှာစွာ ကျွေးမွေးဧည့်ခံမှုကိုခံယူရင်း     ကျေးဇူးတင်ခဲ့ရပါ သည်။   ညဦးပိုင်း   လင်းလက်နေသော ဆိုလာမီး အလင်းရောင်လေးကိုကြည့်ရင်းက     မက်မန်းမြို့ လေးမှာ ၁၉၉၀ ပြည့်နှစ်မှ ယနေ့အထိ မီးစက်နှင့် နှစ်ပါးသွားကာ ၆ နာရီမှ ၉ နာရီအထိ မီးပေးနေရသည့် ၆-၉        ဘဝက      မကျွတ်လွတ်နိုင်သေးသည်ကို စိတ်မကောင်းဖြစ်မိသည်။  မက်မန်းမြို့ အနောက် မြောက်ဘက်လေးမိုင်ခန့်အကွာ   နမ့်နန်းချောင်းမှ ရေအားကို အသုံးပြုပြီး ရေအားလျှပ်စစ်ထုတ်နိုင်ရေး ၂၀၁၈ ခုနှစ်တွင် ကြိုးစားခဲ့ကြသေးသည်။ မအောင်မြင် ခဲ့ပါ၊၊          ယခု       ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးအနေဖြင့်  မက်မန်းမြို့ မီးရရှိရေး ကိစ္စအပေါ် အထူးအလေးထား ဆောင်ရွက်ပေးနေ ကြောင်း တွေ့ရသည်။ ကွင်းဆင်းတိုင်းတာ လေ့လာ ရေးအဖွဲ့တွေ ထပ်မံစေလွှတ်ထားသည်။  မက်မန်း မြို့လေး မီးရရှိရေးအတွက် အစစအရာရာ  အဆင် ပြေ    ချောမွေ့ပါစေကြောင်း    တောင်းဆုခြွေဆန္ဒ ပြုလိုက်ရပါသည်။
မင်းရန်အောင်စေတီတော်အား ဖူးမြော်
အောက်တိုဘာ   ၁၉    ရက်   နံနက်ပိုင်းတွင် မင်းရန်အောင်စေတီတော်မြတ်ကို    သွားရောက် ဖူးမြော်ကြည်ညို၍ ကျောင်းထိုင်ဆရာတော်အား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။   ထိုမှ   မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက်ပြီး  ဌာနဆိုင်ရာဝန်ထမ်း များအား တွေ့ဆုံနှုတ်ဆက်ကာ ယူဆောင်လာသည့် စားသောက်ဖွယ်ရာများကို လက်ဆောင်ပေးအပ်ခဲ့ ပါသည်။    မည်သည့်နေရာဒေသက  လာရောက် တာဝန်ထမ်းဆောင်ကြသည်ဖြစ်စေ၊ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း  မက်မန်းဒေသကို ရောက်လျှင် မက်မန်းမြို့သားစိတ်ဓာတ်ခံယူ၍ ဒီဒေသ တိုးတက် ဖွံ့ဖြိုးအောင်   စေတနာထား  လုပ်ကိုင်ဆောင်ရွက် ပေးကြရန်မှာကြားခဲ့ပါသည်။  ဒီတစ်ခေါက် မော်ဖ ဒေသ   မက်မန်းခရီးစဉ်သည်   ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရသည့်နှယ်        စိတ်ဝယ်အေးချမ်းသာယာရှိလှ ပါဘိ။        ။