မင်းရန်အောင်၊ မော်ဖဒေသနှင့် မက်မန်းမြို့သာယာ

Type
5

 

မြင့်စိုး(နတလ)

(ယမန်နေ့မှ အဆက်)
သံလွင်မြစ်ကူး စစ်ဆင်ရေး၏အစ
သံလွင်ကို      စကူးတဲ့နေ့က      ၁၉၇၉     ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ပဲ။  ဒီနေရာမှာ ကစထမှူး ကြီး      ဗိုလ်ချုပ်ကြီးထွန်းရီ    ညွှန်ကြားခဲ့တာက “ခင်ဗျား သံလွင်ကိုကူးပြီးရင် တွေ့တဲ့ရန်သူတိုက်ဖို့ က ပြဿနာမဟုတ်ဘူး၊ တပ်တွေကလည်း အတွေ့ အကြုံရှိတယ်၊    ခင်ဗျားကလည်း   အတွေ့အကြုံ ရှိတယ်၊    ပူစရာမလိုဘူး၊   သံလွင်ကို  ကူးနိုင်ဖို့က အဓိကပဲ၊ Normandy Landing လို့ သဘောထား၊ လုံးဝမပေါ့နဲ့” ဆိုတာပါပဲ။ 
“သံလွင်ကို    အောင်မြင်စွာကူးနိုင်ဖို့   သိပ်ကို အရေးကြီးတယ်။  ဒီဘက်ကို ဗကပရဲ့ အာရုံစူးစိုက်မှု နည်းသွားအောင်    ခန့်မှန်းသုံးသပ်လို့  မရအောင် တခြား  တပ်မ  (၆၆)၊     တပ်မ (၈၈)၊ တပ်မ  (၉၉) နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေတွေမှာ ရောင်ပြစစ်ဆင်ရေးတွေ       ပြုလုပ်စေခဲ့တယ်။ ဒါတွေအားလုံးဟာ ဗိုလ်ချုပ်ကြီးထွန်းရီရဲ့ အစီအမံ တွေပဲ။”     အဘဦးညွန့်ဆွေက    သံလွင်မြစ်ကူး စစ်ဆင်ရေးမပြုလုပ်မီ ကစထမှူးကြီး၏ ညွှန်ကြား ချက်ကို ပြန်လည်ပြောပြခဲ့သည်။ ဘာကြောင့် တပ်မ (၇၇)    တပ်များနှင့်    မော်ဖဒေသကို   ဝင်ရောက် ထိုးဖောက် တိုက်ခိုက်ရသလဲဆိုတာနှင့် ပတ်သက် ၍လည်း အခုလို ဆက်လက်ရှင်းပြပါသည်- 
“ ၁၉၇၅   ခုနှစ်မှာ   ဗကပ  ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး  စစ်ရေးလှုပ်ရှားမှုတွေကို လုပ်လာကြတယ်။   ၇၅၁၀   စီမံကိန်းပေါ်လာ တယ်။  တိုက်ခိုက်ရေးအင်အား  ၁၂၀၀၀  ခန့် ရှိလာတဲ့ဗကပဟာ ကိုးကန့်ဒေသနဲ့ ‘ဝ’ ဒေသ တွေကို လွှမ်းမိုးခြယ်လှယ်လာခဲ့တယ်။ ၁၉၇၉ ခုနှစ်မှာ ဗကပဗဟိုကို ပန်ဆန်းကို ရွှေ့လာပြီး
အသံလွှင့်ရုံတွေ၊ လက်နက်ပြင်ရုံတွေ၊ လူနေ အိမ်တွေ၊ ရုံးတွေအခိုင်အမာ   တည်ဆောက်ခဲ့ တယ်၊ ကွပ်ကဲမှုဌာနချုပ် ဖွင့်လှစ်တဲ့ သဘောပဲ၊ နယ်စပ်ဒေသ   ပန်ဆန်းမြို့ကို   အခြေပြုပြီး ကိုးကန့်ဒေသ၊    ‘ဝ’   ဒေသ   မြောက်ပိုင်းနဲ့ တောင်ပိုင်းအပါအဝင် သံလွင်အရှေ့ခြမ်းတစ်ခု လုံးကို သီးခြားကွန်မြူနစ်နိုင်ငံ ထူထောင်ဖို့အထိ လုပ်လာနိုင်တယ်၊ ဒီလိုဖြစ်လာမှာကို ကစထ မှူး ဗိုလ်ချုပ်ကြီးထွန်းရီက အထူးစိုးရိမ်တယ်။ ဒါကြောင့်  ကာကွယ်ရေးဦးစီးချုပ်နဲ့ ဥက္ကဋ္ဌကြီး ဦးနေဝင်းထံ     တင်ပြခဲ့ပြီး     မော်ဖဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် မင်းရန်အောင်စစ်ဆင် ရေးကြီးကို ဆင်နွှဲခဲ့တာဖြစ်တယ်” 
ရည်မှန်းချက် ကိုယ်စီသို့ ချီတက်တိုက်ခိုက်သိမ်းပိုက်
အမှတ် (၁) ရှမ်းသေနတ်ကိုင်တပ်ရင်းတွင် တပ်ရင်းမှူး   ဒုတိယဗိုလ်မှူးကြီး    သာစိန်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်အဆင့်ဖြင့် IO (ထောက်လှမ်း ရေးအရာရှိ) တာဝန်ထမ်းဆောင်ခဲ့သည်။ ရှမ်း(၁)တပ်ရင်းသည် ပန်လုံ ကူးတို့ဆိပ်မှနေ၍ နိုဝင်ဘာ ၂၃ ရက်  နံနက်  ၈ နာရီခွဲအချိန် စတင်ကူးခဲ့ကြရာ နိုဝင်ဘာ  ၂၄  ရက်   နေ့လယ်တွင်     တပ်ရင်း တစ်ရင်းလုံး ကူးပြီးခဲ့ကြောင်း သိရသည်။ ရှမ်း (၁) ၏ ပထမရည်မှန်းချက်မှာ ပွိုင့် ၃၂၈၀ ဖြစ်သည်။ 
ယင်းကုန်းကို   တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပန်ခါးတောင်ကြောကို      ဆက်လက်ရှင်းလင်း ချီတက်ခဲ့ကြသည်။ ခမရ (၁၀၇) တပ်ရင်းကိုလည်း ပန်လုံကူးတို့ဆိပ်မှပင်  ဖြတ်ကူးစေခဲ့ရာ  နိုဝင်ဘာ ၂၃ ရက်  ညနေ  ၅ နာရီမှာ စက(၁)၊ စက(၂) နှင့် တပ်ခွဲ ၄ ခွဲ ဖြတ်ကူးနိုင်ခဲ့ကြသည်။   နိုဝင်ဘာ   ၂၅ ရက်၌  ခမရ ၁၀၇ စက(၁)နှင့် အဖွဲ့ကို ပွိုင့် ၃၆၆၀ တွင်   ခြေကုပ်ယူစေပြီး  စက(၂)   အဖွဲ့များက မွတ်နိုးကို    ဝင်ရောက်ရှင်းလင်းခဲ့ပါသည်။    ခမရ (၁၀၁) တပ်ရင်းသည် တောင်ဘက်လမ်းကြောင်း အတိုင်း မတ်လုံကူးတို့ဆိပ်မှကူးကာ  နမ့်ဟာနူးကို ဝင်ရောက်ရှင်းလင်း သိမ်းပိုက်ခဲ့သည်။ ခမရ (၁၀၆) ကမူ တောင်ဘက်အစွန်ရှိ နမ့်ခချောင်းကိုဖြတ်၍ ဝမ်စလောင်းကို   ဝင်ရောက်ရှင်းလင်းစေခဲ့သည်။ ခမရ (၁၀၅) စက(၁) တပ်ခွဲ  ၄  ခွဲသည် မတ်ကျန်း ကူးတို့ဆိပ်မှကူးကာ   ဝင်းဆိုင်သို့    ချီတက်ရှင်းလင်း ခဲ့သည်။
ရှေ့တန်း အမှတ် (၇၇)  ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး  ဗိုလ်မှူးကြီးညွန့်ဆွေ၊ အမှတ် (၇၇၂)    နည်းဗျူဟာမှူး၊     ဗိုလ်မှူးကြီးစံလွင်တို့ ပါဝင်သော   ကွပ်ကဲမှုအဖွဲ့သည်  ခမရ (၁၀၅) စက (၂)နှင့် တပ်ခွဲ ၁ ခွဲ၊  ခမရ (၁၀၇) တပ်ခွဲ ၁ ခွဲ အနီးကပ် လိုက်ပါလျက်  နိုဝင်ဘာ ၂၄ ရက်  ညနေ  ၅  နာရီ အချိန်တွင်     သံလွင်မြစ်ကို     ပန်လုံကူးတို့ဆိပ်မှ ဖြတ်ကူးခဲ့ပြီး နိုဝင်ဘာ  ၂၆  ရက်   နံနက်  ၁ နာရီ အချိန်တွင်     ဝမ်ဝိန်းရွာသို့      ဝင်ရောက်ရှင်းလင်း ခဲ့သည်။ 
ဝမ်ဝိန်းတွင်   ဗကပ  သုံးယောက်အား ဖမ်းဆီး ရမိသဖြင့် စစ်မေးခဲ့ရာ  မွတ်နိုးမှာ ဗကပ ၁၀၀ ခန့် ရှိကြောင်း၊ ပန်ခါးတောင်ကြောနှင့်  ပွိုင့်  ၆၀၀၀ ကုန်းတွေမှာ အင်အားများကြောင်း   သိခဲ့ရသည်။ ထိုသို့   သတင်းရရှိချိန်၌ မွတ်နိုးကို ခမရ (၁၀၇) စက(၂) က ဝင်ရောက် တိုက်ခိုက်ပြီးဖြစ်သလို ရှမ်း (၁) သည်လည်းပဲ  ပန်ခါးတောင်ကြောကို ရှင်းလင်း နေပြီ ဖြစ်သည်။
ဖော်ပြပါအတိုင်း         တပ်မကွပ်ကဲမှုအဖွဲ့နှင့် တပ်ရင်း ငါးရင်းစလုံး သံလွင်မြစ်ကို အောင်မြင်စွာ  ဖြတ်ကူးပြီးချိန်၌   ဗကပသည်    အခြေအနေကို ရိပ်မိသွားပြီး ပန်ခါးတောင်ကြော၊ ပွိုင့် ၆၀၀၀ ကုန်း၊ ပွိုင့် ၆၀၂၈ ကုန်းများတွင် အင်အားထပ်မံဖြည့်တင်းပြီး လက်နက်ကြီးများ တင်ကာ အသင့်စောင့်နေကြောင်း သိရသည်။ ခမရ(၁၀၇)က မွတ်နိုးကို သိမ်းပြီးချိန်တွင် ဒုတပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေ ဦးစီးကွပ်ကဲမှု အဖွဲ့သည်    မွတ်နိုးမှတစ်ဆင့်   ဝမ်ကန်ရွာပျက်သို့ ချီတက်အခြေပြုခဲ့သည်။ ထိုနေရာသို့ ကစထမှူးကြီး ဗိုလ်ချုပ်ကြီးထွန်းရီ၊ ရပခတိုင်းမှူး ဗိုလ်ချုပ်လှဦး၊ တပ်မ(၇၇)     တပ်မမှူး   ဗိုလ်မှူးကြီးချစ်ဆွေတို့ ရဟတ်ယာဉ်ဖြင့်  ရောက်ရှိလာကာ  ဒုတပ်မမှူး၏ တင်ပြချက်နှင့် မြေပြင်အခြေအနေတို့ကို ကြည့်ရှု သုံးသပ်ပြီး  ကစထမှူးကြီးက   အောက်ပါအတိုင်း စစ်ဆင်ရေးညွှန်ကြားချက်ပေးခဲ့သည်။
“ ပွိုင့် ၆၀၂၈ (လွိုင်ဆိုက်ခေါင်)နဲ့ ပွိုင့် ၆၀၀၀ ကြောတွေကို မရရအောင်တိုက်ရမယ်၊ မြေပြင် အနေအထားအရ    Causalities    (ထိခိုက်မှု) ငါးဆယ်ရာခိုင်နှုန်းလောက်          ရှိချင်ရှိလာ နိုင်တယ်၊ စွန့်စွန့်စားစားတိုက်မှ ရမယ်၊    ပန်ဆန်းကို ခြိမ်းခြောက်ဖို့၊ ထိန်းချုပ်ထားဖို့ ဒီစစ်ဆင်ရေးကို လုပ်တာဗျ”
ယင်းညွှန်ကြားချက်ရသည်နှင့် ဒုတပ်မမှူးသည် နိုဝင်ဘာ ၂၆ ရက်တွင်  ခမရ (၁၀၇) စက(၂)နှင့် တပ်ခွဲများကို ပွိုင့် ၅၇၁၀၊ ပွိုင့် ၅၈၆၀ ကုန်းများသို့ ဆက်လက်ချီတက် ရှင်းလင်းစေခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်တွင်   ပွိုင့်  ၆၀၀၀ ကုန်းမှ  ဗကပ ၁၅ ယောက်ခန့် ဆင်းလာသည်ကို တွေ့ရ၍ ခမရ(၁၀၇) အဖွဲ့က  စောင့်ကြိုပစ်ခတ်ခဲ့သည်။  နိုဝင်ဘာ ၂၉ ရက်တွင်   ဒုတပ်မမှူးနှင့်  ကွပ်ကဲမှုအဖွဲ့သည် ပွိုင့် ၅၇၁၀  ကုန်းသို့   ပြောင်းရွှေ့ကွပ်ကဲမှုယူခဲ့ပြီး နိုင်ငံတော်အလံကို    လွှင့်ထူခဲ့သည်။  ၁၀၅    မမ ဟောင်ဝစ်ဇာအမြောက်တစ်လက်ကို ရဟတ်ယာဉ်  ဖြင့် ပို့ပေးသဖြင့် လက်ခံရရှိခဲ့သည်။ အဆိုပါ ပွိုင့် ၅၇၁၀ ကုန်းသည် ပွိုင့် ၆၀၀၀ ကုန်းနှင့် ကိုက် ၅၀၀၀ ခန့်သာ ဝေးကွာပါသည်။ 
ဗိုလ်မှူးကြီးညွန့်ဆွေနှင့်အဖွဲ့    ပွိုင့်   ၅၇၁၀ ကုန်းသို့ ရောက်ရှိချိန်တွင် ကက(ကြည်း) စစ်ဦးစီး မှူး   (ပထမတန်း)    ဒုတိယဗိုလ်မှူးကြီး    တင်ဦး (နောင်သောအခါ     ဒုတိယဗိုလ်ချုပ်ကြီး    တင်ဦး-အတွင်းရေးမှူး ၂)  က     ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်ကို   ပေးပို့လာသည်။  ပွိုင့် ၇၁၂၃ (လွိုင်ဟိုလာ) အထိ မိမိတပ်ကို    တင်ထားရန်ဖြစ် သည်။ ယင်းညွှန်ကြားချက်အရ  ဒုတိယတပ်မမှူး သည် ပွိုင့် ၅၇၁၀ ကုန်းတွင် အနီးကပ်ရှိနေသော ခမရ (၁၀၅) တပ်စုတစ်စုကို ရိက္ခာတစ်ပတ်စာနှင့် ချီတက် နေရာယူစေခဲ့သည်။
ပန်ခါး၊ သံခမောက်ကုန်း၊ ပွိုင့် ၆၀၀၀ နှင့် ပွိုင့် ၆၀၂၈
တပ်ရင်း ၅ ရင်းသည် ရည်မှန်းချက်ကိုယ်စီဖြင့် ဆက်လက်ချီတက်တိုက်ခိုက်ခဲ့ကြရာ ၁၉၇၉ ခုနှစ် နိုဝင်ဘာ    ၃၀   ရက်အထိ  ခမရ   (၁၀၁) သည် သံခမောက်ကုန်းနှင့်   ပွိုင့်   ၆၀၀၀  ကုန်းတွေကို တိုက်နေရဆဲဖြစ်သည်။ ရှမ်း(၁)  တပ်ရင်း၏ စက(၁)သည်         ပန်ခါးကြောကို       အနောက်ဘက်မှ လည်းကောင်း၊ စက (၂)  နှင့်   နောက်ထပ်ရောက်ရှိ လာသော ခမရ (၆) မှ ဗိုလ်မှူးသူရအောင်ထက် ဦးစီး ကွန်မန်ဒိုတပ်ခွဲတစ်ခွဲက            ပန်ခါးကြောကို မြောက်ဘက်မှလည်းကောင်း လက်နက်ကြီး ပစ်ကူ ယူ၍ တိုက်ခိုက်ခဲ့ကြသည်။ 
ရှမ်း(၁)   တပ်ရင်းဘက်သို့    အားဖြည့်သည့် အနေဖြင့်ခမရ    (၁၀၇)     စစ်ကြောင်းတစ်ခုကို    ပန်ခါး ကြောအလယ်မှ ဖြတ်တိုက်စေခဲ့သည်။ ဒီဇင်ဘာ ၃ ရက်အထိ  ပန်ခါးတောင်ကြော၊ သံခမောက်ကုန်း၊ ပွိုင့်  ၆၀၀၀   ကုန်းများကို မသိမ်းပိုက်နိုင်သေးပါ။ ခမရ (၁၀၁) တိုက်နေသော  သံခမောက်ကုန်းသည် ပွိုင့် ၆၀၀၀ ကုန်း၏ ရှေ့ကာကုန်းဖြစ်သည်။ ဒီကုန်း ကိုရမှ ပွိုင့် ၆၀၀၀ ကို သိမ်းနိုင်မည်။ သည့်အတွက် ဒုတပ်မမှူးသည်  ခမရ  (၁၀၁) မှ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)    ဗိုလ်ကြီးမောင်ရီကို      သူ့စိတ်ကြိုက် လက်ရွေးစင်စစ်သည်များ      ထုတ်နုတ်စုဖွဲ့စေကာ ဒီဇင်ဘာ ၆ ရက် ညနေတွင်  သံခမောက်ကုန်းအား    နောက်ဘက်လျှိုမှပတ်၍           တိုက်ခိုင်းခဲ့သည်။ ဒုတပ်မမှူး   ကွပ်ကဲနေသော  ပွိုင့်  ၅၇၁၀   ကုန်းမှ ၁၀၅ မမ အမြောက်ဖြင့် ပစ်ကူပေးခဲ့သည်။
အဘဦးညွန့်ဆွေ၏ ပြောပြချက်အရ ဗိုလ်မှူး မောင်ရီ၏  နာမည်ရင်းမှာ မောင်ရီမဟုတ်ဘဲ ရခိုင် တိုင်းရင်းသား မောင်ရီးဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီး ထွန်းရီနှင့် အဘဦးညွန့်ဆွေတို့ ခမရ (၁၀၅) ၌ တပ်ခွဲ မှူး၊ တပ်စုမှူးဘဝဖြင့်ရှိနေကြစဉ်   တပ်ကြပ်ကြီး မောင်ရီးသည်    တိုက်ရည်ခိုက်ရည်ကောင်းသဖြင့် သီဟဗလဘွဲ့တံဆိပ်  ရထားပြီးဖြစ်ကြောင်း၊ ကစထ မှူးထံသို့လည်း   “ဆရာသမား  ခမရ   (၁၀၅) က မောင်ရီးကို မှတ်မိတယ်မို့လား။  အခုအရာရှိဖြစ်ပြီး ခမရ (၁၀၁)  မှာ ရောက်နေတယ်။ သူနဲ့ လက်ရွေးစင် ထုတ်နုတ်ပြီး  သံခမောက်ကုန်းကို တိုက်မယ်” ဟု အသိပေးတင်ပြခဲ့ကြောင်း သိရသည်။ 
ဒီဇင်ဘာ  ၆  ရက်  ညနေ၌ တိုက်ခိုက်ခဲ့သော ယင်းတိုက်ပွဲတွင်  ဗိုလ်မှူးမောင်ရီ နှင့် စစ်သည်များ သည် သံခမောက်ကုန်း၏ ခံစစ်စည်းနှစ်ခုကို ဖြတ် ကျော်  ဝင်ရောက်နိုင်ခဲ့သည်။  နောက်ဆုံးခံစစ်စည်း ဆက်သွယ်ရေးမြောင်းသို့    ကပ်မိချိန်တွင်   ပွိုင့် ၆၀၂ ကုန်းမှ  ဗကပတို့က   လက်နက်ကြီးများဖြင့် စုပြုံပစ်ခတ်လာခဲ့ရာ      ကျည်တစ်တောင့်သည် သစ်ပင်ကို ထိမှန်ပေါက်ကွဲပြီး   ဗိုလ်မှူးမောင်ရီ၏ ဇက်ပိုးကို   ကျည်စတစ်ခု   စိုက်ဝင်သွားခဲ့သည်။ တပ်ခွဲမှူး ဒဏ်ရာရသွားသဖြင့် သူ့တပ်စုမှူး ဒုတိယ ဗိုလ်အောင်သန်းထူး ဆက်လက်ကွပ်ကဲ တိုက်ခိုက်ခဲ့ သော်လည်း နောက်ဆုံးခံစစ်စည်းမှ လန်ကျကာ ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။ ဒဏ်ရာရ ဗိုလ်မှူး မောင်ရီအား ရဟတ်ယာဉ်ဖြင့် မိုင်းရှူးသို့ ပြန်လည် ပို့ဆောင်ကုသပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန် သဖြင့် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ကျဆုံးသွား ခဲ့သည်။
ဗျူဟာပြောင်း၍ တိုက်ကွက်ဖော်
ပန်ခါးတောင်ကြော၊ သံခမောက်ကုန်း၊ ပွိုင့် ၆၀၀၀  ကုန်းတို့ကို မရသေးသောကြောင့် ဒီဇင်ဘာ ၁၂ ရက်အထိ ဆက်လက်ရင်ဆိုင်ထိန်းချုပ်ထားကာ တပ်ရင်းအလိုက် ရိက္ခာနှင့် ခဲယမ်းများ ဖြည့်တင်း ပေးခဲ့သည်။  ဒီဇင်ဘာ ၁၃ ရက်နှင့်  ၁၄  ရက်များ တွင်     ရန်သူကို     လှည့်စားတိုက်ကွက်ဖော်မည့် စီမံချက်ရေးဆွဲခဲ့သည်။   စီမံချက်အတုကို   ရန်သူ ဗကပများ   ဖမ်းယူရရှိသွားစေရန်     ရည်ရွယ်ပြီး ဆက်သွယ်ရေးစက်ဖြင့် ပေးပို့ပေးခဲ့သည်။ တကယ် တိုက်မည့်စီမံချက်ကိုမူ တပ်ရင်းမှူးများထံ လျှို့ဝှက် စွာ  အသိပေးထားပြီးဖြစ်သည်။  တစ်နည်းပြောရ လျှင်        ရည်မှန်းချက်အောင်မြင်ရေးအတွက် ဘုရင့်နောင် ဖောင်ဖျက်၍ တိုက်ခဲ့သောစစ်ဆင်ရေး စီမံချက်ဟု ပြောရမည်သာ။ ယင်းနောက်ဆုံးအဆင့် အခင်းအကျင်းကို   အဘဦးညွန့်ဆွေက   ယခုလို ပြောပြခဲ့သည် -
“ခမရ ၁၀၁ စက(၂)က ပွိုင့် ၆၀၀၀ ကုန်းကို ထိန်းထားတယ် စက(၁)နဲ့ ကျန်တပ်ခွဲတွေက ပွိုင့် ၆၀၂၈ နဲ့ ဝမ်ပါသောင်းကြားကို ဖြတ်ဝင် မယ်၊ ခလရ ၆ စက(၁)နဲ့ တပ်ခွဲ ၃ ခွဲက ပန်ခါး မြောက်ဘက်    ကိုက်   ၃၀၀၀   လောက်အကွာ       မန်ကျူရွာပျက်ကတစ်ဆင့်   ပွိုင့်  ၆၀၂၈  ကို အနောက်မြောက်ဘက်က         ချဉ်းကပ်မယ်၊ ခလရ ၆ ရဲ့ ကွန်မန်ဒိုတပ်ခွဲကို   ပွိုင့်  ၆၀၂၈ ရဲ့မြောက်ဘက်ကနေ ပတ်ဝင်ခိုင်းထားတယ်၊    တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ ရှမ်း ၁ ကို တော့ ခဏအနားပေးတဲ့အနေနဲ့   စက  ၂   က ပန်ခါးတောင်ကြောကို    ဟန်မပျက်ရင်ဆိုင် ထားပြီး စက ၁ နဲ့ ကျန်တပ်ခွဲတွေကို ပွိုင့် ၆၀၂၈ တောင်ဘက်ကနေ ရောင်ပြချဉ်းကပ်စေခဲ့တယ်၊ ခမရ ၁၀၇ တစ်ရင်းလုံး ပန်ဆန်းနဲ့ ရောင်အော် ကြား၊ ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း ဖြတ်တောက်ရင်း ခံစစ်အပါးဆုံးနေရာကနေ ဝင်တိုက်ခိုင်းလိုက်တယ်၊         ပြောရရင်တော့ လေယာဉ်ပစ်ကူမပါဘဲ   ဝိုင်းပတ်တိုက်ခိုက်ဖို့ စီမံချက်ရေးဆွဲခဲ့တာ၊ လေယာဉ်ပစ်ကူမပါတော့ ရန်သူကလည်း တိုက်မယ်လို့ မျှော်လင့်မထား ဘူး”
ပွိုင့် ၆၀၂၈ မှာ နိုင်ငံတော်အလံ လွှင့်ထူနိုင်ခဲ့ပြီ
ပွိုင့်  ၆၀၂၈  သည် ထိုဒေသတစ်ခုလုံးအတွက် အချက်အချာတောင်ကုန်းဖြစ်သည်။ သူ့ကို သိမ်းနိုင် ဖို့လိုသည်။  အထက်ပါအတိုင်း   စီမံချက်အတိုင်း ချဉ်းကပ်ချီတက်တိုက်ခိုက်ခဲ့ကြသည်။     ဒီဇင်ဘာ ၁၆၊ ၁၇ ရက်များတွင်  တိုက်ပွဲများ ပြင်းထန်လာခဲ့ သည်။   ခမရ  (၁၀၁)   သည် ပွိုင့် ၆၀၂၈ ကုန်း၏ ရှေ့ကိုက် ၂၀၀၀ အထိ ချဉ်းကပ်မိပြီး ကာကင်းကုန်း များမှ    ဗကပများနှင့်   ရင်ဆိုင်ခဲ့ရသည်။ ဒီဇင်ဘာ ၁၈ ရက်တွင်   ခလရ  (၆)၊    ခမရ (၁၀၇)၊ ရှမ်း(၁) တပ်ရင်းတပ်ဖွဲ့များ   ဟန်ချက်ညီညီ   ချဉ်းကပ် တိုက်ခိုက်ခဲ့ကြသည်။ ဒုတပ်မမှူး၏ ပွိုင့် ၅၇၁၀ ကုန်းမှလည်း အမြောက် ၈ လက်ဖြင့် ပန်ခါးကြော၊ ပွိုင့် ၆၀၀၀၊ ပွိုင့် ၆၀၂၈ ကုန်းများကို ပစ်ကူပေးခဲ့ သည်။ 
အမြောက်ပစ်ကူက   ပန်ဆန်းနှင့်   ရောင်အော် အကြား ဆက်သွယ်ရေးလမ်းကြောင်းပေါ်သို့လည်း ပစ်ခတ်ပေးခဲ့ရာ   ပွိုင့်  ၆၀၂၈ သို့ စစ်ကူလာသော ဗကပများအား    ထိမှန်ပြီး    တားဆီးနိုင်ခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်  မွန်းလွဲ  ၁ နာရီခန့်အချိန်တွင် ခမရ (၁၀၇) စက(၂) သည် ပွိုင့် ၆၀၂၈ ၏ ခါးလယ်ကို ဝင်ပိုင်းနိုင်ခဲ့ပြီး      လုံးထွေးတိုက်ခိုက်ခဲ့ကြသည်။ ၁၉၇၉  ခုနှစ်   ဒီဇင်ဘာ ၁၈ ရက် ညနေ   ၄   နာရီ
၃ မိနစ်အချိန်၌ ပွိုင့် ၆၀၂၈ တောင်ကုန်းကို ခမရ ၁၀၇ တပ်ရင်းက  သိမ်းပိုက်နိုင်ခဲ့သည်။ ပွိုင့် ၆၀၂၈ တောင်ကုန်း ကျသွားသည်နှင့် ပန်ခါးတောင်ကြော မှ ဗကပများသည်လည်းကောင်း၊ ပွိုင့် ၆၀၀၀ ကုန်း၊ သံခမောက်ကုန်းတို့မှ ဗကပများသည် လည်းကောင်း   ဒရောသောပါး      ဆုတ်ခွာထွက်ပြေးခဲ့ကြသည်။   ဆုတ်ခွာသွားသော  ဗကပများနောက်သို့ ဒီဇင်ဘာ ၂၀ ရက်အထိ လိုက်လံရှင်းလင်းခဲ့ကြသည်။ 
ရှေ့တန်းအမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေက  ဒီဇင်ဘာ ၂၀ ရက်တွင်  ပွိုင့်   ၆၀၂၈  သို့   သွားရောက်ပြီး နိုင်ငံတော်အလံကို လွှင့်ထူခဲ့သည်။ များမကြာမီမှာ ပင် ပွိုင့် ၆၀၂၈ သို့ ကစထမှူး ဗိုလ်ချုပ်ကြီးထွန်းရီ၊ တိုင်းမှူး ဗိုလ်ချုပ်လှဦး၊   တပ်မမှူး  ဗိုလ်မှူးကြီး ချစ်ဆွေ၊   သံချပ်ကာယန္တရား  ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး သက်ဝေ၊ ရှမ်းပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ထွန်းရင်လောတို့ ရောက်ရှိစစ်ဆေးခဲ့ကြ သည်။ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေက ရောင်အော်လမ်းကြောင်းအတိုင်း   ရှေ့တိုးတိုက်ဖို့ ခွင့်တောင်းသော်လည်း  ကစထမှူးကြီးက ခွင့်မပြု တော့ကြောင်း သိရသည်။
မော်ဖဒေသအောင်ပွဲ (သို့မဟုတ်) 
တပ်မတော်၏ အောင်ပွဲ
မော်ဖဒေသအောင်ပွဲသည် စစ်ဆင်ရေးအထူး အဖွဲ့မှူး    ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ၊      ဒုတိယ တပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေအပါအဝင် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များမှ    အရာရှိအရာခံ    အကြပ် တပ်သားအားလုံး၏ အောင်ပွဲဖြစ်ပါသည်။ ကိုးကန့်၊ ‘ဝ’၊ မော်ဖဒေသများအား ဖဲ့ထုတ်၍ ဖိနှိပ်ခြယ်လှယ် ကြီးစိုးရန် ကြံရွယ်ခဲ့သော ဗကပတို့၏ အကြံအစည် ကို ပျက်ပြားစေခဲ့သော  အောင်ပွဲလည်းဖြစ်ခဲ့သည်။ တစ်နည်းဆိုရသော် မင်းရန်အောင်  စစ်ဆင်ရေး၏ အောင်ပွဲ၊  တပ်မတော်၏     အောင်ပွဲဖြစ်ပေသည်။ တပ်မတော်သည်  နိုင်ငံတော်၏ မည်သည့်နယ်မြေ အစိတ်အပိုင်းတစ်ခုတလေကိုမျှ      ထိခိုက်ဆုံးရှုံး ခံမည်မဟုတ်ကြောင်းနှင့်      ယင်းသို့ထိခိုက်ပြိုကွဲ စေရန်     ကြံစည်အားထုတ်မှု   မှန်သမျှကိုလည်း ရင်မြေကတုတ်လုပ်၍       အသက်ပေးကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း     ထင်ရှားစွာ မီမောင်းထိုးပြခဲ့သော အောင်ပွဲဟု မှတ်တမ်းကမ္ပည်း မော်ကွန်း ရေးထိုးရမည်သာ…။
သံယောဇဉ် လွန်းတင်မိပါပေါ့
ကျွန်တော်ဆိုသော မြင့်စိုး (နတလ)  က ၂၀၁၈ ခုနှစ် ဇန်နဝါရီ  ၂၃ ရက်တွင်  နတလဝန်ထမ်းဘဝ ဖြင့် မော်ဖဒေသ မက်မန်းမြို့၊ ဆွတ်ဝိုး၊ ရောင်အူရွာ များသို့     စတင်ရောက်ဖူးခဲ့သည်။      ထိုမြို့၊  ထိုရွာ ထိုဒေသများနှင့် လွယ်လ၊ ရှမ်း၊ လားဟူ တိုင်းရင်း သားတိုင်းရင်းသူများအပေါ်       သံယောဇဉ်လွန်း တင်လိုက်မိပုံက    ၂၀၂၂  ခုနှစ်  မတ်လ   ၄  ရက်မှာ အငြိမ်းစားဝန်ထမ်းဘဝဖြင့်          ဒုတိယအကြိမ် ထပ်မံရောက်ရှိခဲ့ပြန်ပါသည်။    ဟော…ယခုကဲ့သို့ အဘဦးညွန့်ဆွေ၊ အဘ၏ဇနီး  အမေဒေါ်သက်ဆွေ (စာရေးဆရာမကြီး           မသက်ဆွေ-သရက်)၊ စစ်တက္ကသိုလ်တုန်းကဆရာ ဗိုလ်မှူးကြီးသိန်းမြင့် (ငြိမ်း)၊ ဗိုလ်မှူးကြီးတင်ဝင်း(သံအမတ်ကြီး -ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(ငြိမ်း) တို့နှင့် အတူ   ၂၀၂၂   ခုနှစ် ဧပြီ   ၄  ရက်တွင်  တတိယ အကြိမ်   မော်ဖဒေသသို့  ရောက်ခဲ့သည်။ သို့သော် သံယောဇဉ်က ဤမှာတင် ရပ်တန့်မနေ၊ ပြီးခဲ့သည့် အောက်တိုဘာ   ၁၈   ရက်မှာ    စတုတ္ထအကြိမ် မြောက်အဖြစ် ကျွန်တော်ရောက်အောင်   သွားခဲ့ သည်။
အဘဦးညွန့်ဆွေကရော၊  သူ့အသက် ၈၈ နှစ် အရွယ်မှာ အမေ ဒေါ်သက်ဆွေ ၈၆ နှစ်ကို အဖော်ပြု ၍ ဒီအရပ်ဒီဒေသတွေကို အရောက်လှမ်းလာချင် စိတ်ဖြစ်ပေါ်လာအောင်          မည်သည့်အကြောင်း ခြင်းရာတွေက    တိုက်တွန်းလှုံ့ဆော်ခဲ့ပါသနည်း။ ကျွန်တော့်ထင်မြင်ယူဆချက်အရ      ပြောရလျှင် သံယောဇဉ်ကြောင့်…ပဲ            ဖြစ်ပါလိမ့်မည်။ သူလေးစားသော ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီအပေါ်    ကြီးမားသော   သံယောဇဉ်ဖြင့် သွားရောက်လိုခြင်း ဖြစ်ပေလိမ့်မည်။ ၁၉၇၉ ခုနှစ် က ဆရာသမားနှင့်အတူတကွ  ကျားကုပ်ကျားခဲ တိုက်ယူခဲ့ရသော   ပွိုင့်  ၅၇၁၀၊ ပွိုင့်   ၆၀၀၀၊ သံခမောက်ကုန်း၊   ပွိုင့်  ၃၂၈၀၊   ပွိုင့် ၆၀၂၈ တောင်ကုန်းများကို    ပြန်ကြည့်ရင်း၊   မော်ဖဒေသ (မက်မန်း) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြည့်ရင်း သွားလေသူ ဆရာသမား တမလွန်ဘဝမှ သိစေချင် သော ဆန္ဒပြင်းပြခဲ့ပါလိမ့်မည်။ ယခင်ထုတ်ဝေပြီး စာအုပ်များကို ပြန်လည်မွမ်းမံပြင်ဆင်ရေးသားပြီး ဗိုလ်ချုပ်ကြီးထွန်းရီအား ဂုဏ်ပြုဦးမည်ဖြစ်ကြောင်း လည်း သိရသည်။
ထို့ပြင်တဝ   ကျွန်တော်တို့   ပထမဆုံးကြည့်ခဲ့ သော သံခမောက်ကုန်း၊ ပွိုင့် ၆၀၀၀ ကုန်းတွေမှာ ခြေစုံရပ်ရင်းနှင့်   တပည့်ကျော်  ဗိုလ်မှူးမောင်ရီ (မောင်ရီး) အပါအဝင် ကျဆုံးအရာရှိ စစ်သည်တွေကို သတိတရရှိနေပါလိမ့်မည်။      ဗိုလ်မှူးမောင်ရီက ထိုတိုက်ပွဲမှာ သီဟသူရဘွဲ့ရခဲ့သည်။ ရှမ်း (၁)၊ ခမရ (၁၀၁)၊ ခမရ (၁၀၅)၊ ခမရ (၁၀၆)၊ ခမရ (၁၀၇)၊ ခလရ (၆) တို့မှ တပ်ရင်းမှူးများ၊   အရာရှိအရာခံ အကြပ်တပ်သားများကိုလည်း    သတိတရရှိနေပါ လိမ့်မည်။   အချို့ကား လူ့ပြည်လူ့ရွာ လူ့လောက ကြီးမှာ    စွန့်ခွာသွားကြပေပြီ။   အသက်   ၈၈ နှစ် အရွယ်၊ ယခုဆိုလျှင်   အသက်   ၈၉   နှစ်အရွယ် စစ်သားအိုကြီး၏ ကြီးမားသောဆန္ဒကို ဖြည့်ဆည်း ပေးသူမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်ပါသည်။ 
ရန်ကုန်-နေပြည်တော်-တံတားဦး- တာချီလိတ် -ကျိုင်းတုံ    ခရီးအတွက်      တပ်မတော်လေယာဉ်၊ ကျိုင်းတုံ-မက်မန်း   အသွားအပြန်ခရီးစဉ်အတွက် ရဟတ်ယာဉ်၊    ကျိုင်းတုံမှ   အပြန်ခရီးစဉ်အတွက် တပ်မတော်လေယာဉ် စီစဉ်ပေးကာ နေရေးထိုင်ရေး ကအစ အဘဦးညွန့်ဆွေနှင့် အဖွဲ့အတွက် လိုလေ သေးမရှိ    လမ်းညွှန်စီစဉ်ပေးခဲ့ပါသည်။   အဘနှင့် အမေကလည်း ဗိုလ်ချုပ်မှူးကြီးကို ကျေးဇူးအထူး တင်ခဲ့ပါ၏။
အကယ်၍များ      ပဉ္စမအကြိမ်မြောက်အဖြစ် မော်ဖဒေသ(မက်မန်း) သို့ သွားဦးမလားဟု မေးလာ ခဲ့သော် ကျွန်တော့်အဖြေက တစ်မျိုးတည်းသာ ရှိပါ လိမ့်မည်။ ဟုတ်ကဲ့…သွားခွင့်ကြုံလျှင် ကျွန်တော် ထပ်၍ သွားပါဦးမည်ဟူ၍…။       ။
 (ဆက်ပါဦးမည်)