
မြင်းမူ ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင် ဒေသထွက် သက်တမ်းရင့်ထန်းပင်များကို ခုတ်ယူကာ လိုအပ်သည့် ထန်းသားဆိုက်ကိုခွဲစိတ်ရယူပြီး ကျွန်းအစားထိုး ပရိဘောဂများအဖြစ် ပြုလုပ်ရောင်းချလာသည်။
ယခင်အချိန်များက ဒေသကထွက်ရှိသည့် ထန်းပင် များကို အဆောက်အဦများနှင့် ထင်းအဖြစ်သာ အသုံးပြုခဲ့ကြောင်း၊ ထန်းသားအရင့်မှာ အလွန်မာကျော ကြောင်း၊ ပရိဘောဂပြုလုပ်ရာတွင် ကျွန်းသားကဲ့သို့လွယ်ကူမှုမရှိကြောင်း၊ ကုန်ကျမှုမှာ ကျွန်းသားလောက် မရှိကြောင်း၊ ကုန်ကြမ်းယူကာ ပစ္စည်းပြုလုပ်ပေးခြင်း များရှိပြီး အော်ဒါမှာယူခြင်းများလည်းရှိကြောင်း၊ ထန်းသားပရိဘောဂများမှာ ယခုအခါ ပြည်တွင်းနှင့် ပြည်ပနိုင်ငံခြားသားများ လာရောက်တည်းခိုကြ သည့် ဟိုတယ်ကြီးများတွင် အသုံးပြုလျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပနိုင်ငံများမှ လည်း မှာယူသုံးစွဲလျက်ရှိသည့်အတွက် တန်ဖိုးမြင့် ပစ္စည်းများပြုလုပ်ကာ တင်ပို့ရောင်းချနိုင်ကြောင်း မြင်းမူမြို့ တပင်ရွှေထီးရပ်မှ ပရိဘောဂပစ္စည်းပြုလုပ် ရောင်းချသူ ဦးမင်းအောင်ထံမှ သိရသည်။
ယခုလက်ရှိဈေးကွက်အနေဖြင့် လက်ရာသန့်ပြီး သက်တမ်းရင့်ထန်းသားဖြင့် ပြုလုပ်ထားသည့် ဆက်တီ တစ်စုံလျှင် ငွေကျပ်သိန်း ၃၀ နီးပါးရှိသည်ဖြစ်၍ မြန်မာ့ထန်းပင်မှတန်ဖိုးရှိသော အပင်မျိုးဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)