မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာ၌ အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်လျက်ရှိ

 

မြင်းမူ   စက်တင်ဘာ   ၁၀


စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ထီးဆောင်းစံပြကျေးရွာ ရွှေရတု တိပိဋကစက္ခုပါလဆေးရုံတော်အတွင်း တည်ဆောက်ပြီးစီးပြီဖြစ်သည့် အောက်ဆီဂျင်စက်ရုံမှ  ယခုအခါ အောက်ဆီဂျင်များ စတင်ထုတ်လုပ် နေပြီဖြစ်ကြောင်း သိရှိရသည်။


 အောက်ဆီဂျင်စက်ရုံကို  ရွှေရတုတိပိဋကဓရဆရာတော် ဘဒ္ဒန္တ ဝံသာပါလာလက်ာရနှင့်  တိပိဋကဓရ မြင်းမူဆရာတော် ဘဒ္ဒန္တပညာသီရိလက်ာရဆရာတော်နှစ်ပါးမှ ဦးဆောင်ကာ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့်   တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စက်ပစ္စည်းများကို   ထိုင်းနိုင်ငံမှ   မှာယူတင်သွင်းခဲ့ပြီး  အဆောက်အဦ၊ စက်ပစ္စည်းတန်ဖိုးနှင့် အခြားပစ္စည်းများဝယ်ယူရန် အတွက် ငွေကျပ်သိန်း ၁၅၀၀ ကျော် ကုန်ကျခဲ့ကြောင်း  ရန်ပုံငွေရှာဖွေရေး အတွင်းရေးမှူး ဦးမျိုးလွင်ထံမှ သိရသည်။


ယခုတည်ဆောက်ပြီးစီးပြီဖြစ်သည့်  အောက်ဆီဂျင်စက်ရုံမှ  လီတာ ၄၀ ဝင်အိုး တစ်ရက်လျှင် အလုံး ၂၀၀ ကျော်   ထုတ်လုပ်နိုင်ပြီဖြစ်၍    အောက်ဆီဂျင်လိုအပ်သူ    မည်သူမဆို    လာရောက်ဖြည့်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။                                

အောင်စိုးဖေ (မြင်းမူ)