မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်း ပျောက်ကွယ်နိုင်သည့် အခြေအနေနှင့်ရင်ဆိုင်နေရ

 

ညောင်ဦး  မတ်   ၆


မန္တလေးတိုင်းဒေသကြီး   ပုဂံမြို့ရှိ မြင်းမြီးဖြင့်ပြုလုပ်သည့် (ရက်လုပ်)ယွန်းထည်လုပ်ငန်း  ပျောက်ကွယ် နိုင်သည့်အခြေအနေနှင့် ရင်ဆိုင် နေရကြောင်း ပုဂံမြို့  ယွန်းထည် လုပ်ငန်းလုပ်ကိုင်သူ     အချို့ထံမှ သိရသည်။

 

မြင်းကပါကျေးရွာမှ   ယွန်း ထည်လုပ်ငန်းပိုင်ရှင်  ဦးဝင်းမင်း ထွန်းက ယွန်းထည်လုပ်ငန်းသည် ပုဂံမြို့၊ ညောင်ဦးမြို့တို့တွင် ဘိုးစဉ် ဘောင်ဆက်   မိရိုးဖလာ   အစဉ် အဆက်   လုပ်ကိုင်လာခဲ့ကြောင်း၊ ဝါးနှီးဖြင့်ရက်လုပ်သည့်    ယွန်း ထည်လုပ်ငန်းက  စိုးရိမ်စရာမရှိ သော်လည်း   မြင်းမြီးဖြင့်   ရက် လုပ်သည့် ယွန်းထည်လုပ်ငန်းမှာ     သုံးဦး၊ လေးဦးသာ  ကျန်ရှိတော့ ကြောင်း၊ မြင်းမြီး ဈေးနှုန်းကြီးမြင့် လာခြင်း၊  ယွန်းထည်ရောင်းချမှု မတွင်ကျယ်ခြင်းနှင့်   ယွန်းထည် ရက်လုပ်ရာတွင်  လက်ဝင်ခြင်းများ ကြောင့် မြင်းမြီးဖြင့်ပြုလုပ်သည့်     ယွန်းထည်လုပ်ငန်းများ တဖြည်း ဖြည်းပျောက်ကွယ်လာပြီး     လုံးဝ ပျောက်ကွယ်သွားနိုင်သည့်  အခြေ အနေဖြစ်လာကြောင်း ပြောသည်။

 


ယခင်က   ပုဂံမြို့   မင်းနန်သူ ကျေးရွာ၊ အရှေ့ဖွားစောကျေးရွာ၊ အနောက်ဖွားစောကျေးရွာ၊ မြင်း ကပါကျေးရွာတို့တွင် မြင်းမြီးဖြင့် ပြုလုပ်သည့် ယွန်းထည်လုပ်ငန်း များ တွင်တွင်ကျယ်ကျယ်ရှိခဲ့ရာမှ ယခုအခါ      အနောက်ဖွားစော ကျေးရွာတွင်ပင် တစ်ဦးတည်းသာ ကျန်တော့ကြောင်း သိရသည်။

 


ယွန်းထည်   ပြုလုပ်ရာတွင် တင်းဝါးယွန်းထည်၊     သစ်သား ယွန်းထည်၊ မြင်းမြီးယွန်းထည်ဟု သုံးမျိုးရှိကြောင်း     မြင်းမြီးဖြင့် ပြုလုပ်သည့်    ယွန်းထည်သည် လုပ်ရကိုင်ရ လက်ဝင်ကြောင်း၊    ပါးလွှာသည့်  ဝါးနှီးဖြာလေးများ ကြားတွင်   မြင်းမြီးတစ်ချောင်းစီ ထည့်ကာ အသေးစိတ်  ရက်လုပ်ရ ကြောင်း၊ လေးလက်မခွက်တစ်လုံး ရက်လုပ်လျှင်ပင် အချိန်တစ်နာရီ ခွဲခန့် ကြာမြင့်ကြောင်း၊  အဝိုင်းပုံ၊ အလုံးပုံယွန်းထည်များကို မြင်းမြီး ဖြင့်ရက်လုပ်ပြီး       ထောင့်ချိုး၊ ထောင့်ကွေး   ယွန်းထည်များကို မြင်းမြီးသုံး၍ မရက်လုပ်ကြောင်း၊ မြင်းမြီးနှင့်ရက်လုပ်သည့်    ယွန်း ထည်ပစ္စည်းများသည်       ပျော့ ပျောင်းကာ အရည်အသွေးအလွန်    ကောင်းမွန်ကြောင်း သိရသည်။

 


လက်ရှိတွင် မြင်းမြီးတစ်ပိဿာ ကျပ်    ၇၀၀၀၀     ပေးဝယ်ရပြီး ရက်လုပ်ရာတွင်    ခက်ခဲသော ကြောင့် မြင်းမြီးဖြင့်ရက်လုပ်သည့် ယွန်းထည်လုပ်ငန်းကို  မလုပ်ကြ တော့ဘဲ တဖြည်းဖြည်းနှင့်  လုံးဝ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိ ကြောင်း    အနောက်ဖွားစော ကျေးရွာမှ   မြင်းမြီးဖြင့်ရက်လုပ် သော ယွန်းထည်လုပ်ငန်းလုပ်ကိုင် သည့် ဒေါ်စန်းစန်းအေးက ပြော သည်။             
မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)