
မြန်လင်းမောင်
မွန်ဂိုလီးယား နိုင်ငံတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေသည့် မဇာလိုင် ခေါ် ဂိုဘီဝက်ဝံအကောင်ရေ ၅၀ ကျော်အထိ ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားလာရေးဝန်ကြီးဖြစ်သူ ဘတ်အူဇီဘတ်အာဒန်က ပြောကြားလိုက်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြ သည်။
မွန်ဂိုလီးယား သိပ္ပံအကယ်ဒမီမှ အထွေထွေနှင့် အသုံးချဇီဝဗေဒဆိုင်ရာ အင်စတီကျု၏ ထုတ်ပြန်မှုအရ ၂၀၁၈ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာ အရ ဂိုဘီ ဝက်ဝံ ၃၆ ကောင်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။ ဂိုဘီဝက်ဝံ များသည် မျိုးပွားမှုနှုန်း နည်းပါးခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင် ရေရှားခြင်း၊ ရေအရင်းအမြစ်များ ပျောက်လာပြီး သားရဲတိရစ္ဆာန်များ၏ အစာရေစာပြတ်တောက်ခြင်းနှင့် နေရင်းဒေသများ ပျောက်ဆုံး လာခြင်း စသည်တို့ကြောင့် မျိုးသုဉ်းလုနီးပါးအထိ ရှားပါးလာခဲ့ ခြင်းဖြစ်သည်။
ထို့ကြောင့် ဂိုဘီဝက်ဝံများ မျိုးသုဉ်းပျောက်ကွယ် မသွား ရေးအတွက် ဂိုဘီဝက်ဝံထိန်းသိမ်းရေး နည်းပညာဆိုင်ရာ အကူအညီပေးရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်က မွန်ဂိုလီးယား နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံတို့အကြား သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးနောက် အကူအညီများ ရရှိခဲ့သည်။
ဂိုဘီဝက်ဝံထိန်းသိမ်းရေး စီမံကိန်းလုပ်ငန်းစဉ်များအနက် ဖြည့်စွက်စာများ ကျွေးမွေးရန် အစာများ ထားပေးခြင်း၊ ယင်းတို့၏ အလေ့ အထများနှင့် ပြုမူနေထိုင်မှုစနစ်များကို သိရှိနိုင်ရန်အတွက် ကင်မရာ ထောင်ချောက်များ တပ်ဆင်ပြီး လေ့လာစောင့်ကြည့်ခြင်းတို့ ပါဝင်သည်။
ထိုသို့ နှစ်နိုင်ငံ လက်မှတ်ရေးထိုးပြီးနောက် ပညာရှင်များ ပူးပေါင်းကာ ဂိုဘီဝက်ဝံထိန်းသိမ်း ရေးနှင့် မျိုးဆက်ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သဖြင့် အောင်မြင်မှု အချို့ ရရှိနေပြီဖြစ်ကြောင်း၊ ယခုလက်ရှိ မွန်ဂိုလီးယားနိုင်ငံတွင် မဇာလိုင် ခေါ် ဂိုဘီဝက်ဝံ ၅၁ ကောင်အထိ ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း ဝန်ကြီး ဘတ်အာဒန်က အင်တာဗျူးတစ်ခုတွင် ဖြေကြားသည်။
ဂိုဘီဝက်ဝံများ၏ နေရင်းဒေသများသည် ၁၉၅၀ ပြည့်နှစ်နှင့် ၁၉၆၀ ပြည့် နှစ်တို့နှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းသွားသော်လည်း မွန်ဂိုလီးယား အနောက်တောင်ပိုင်းရှိ ဂိုဘီသဲကန္တာရတွင် ၎င်းတို့နေရင်းဒေသ ဂေဟစနစ် များကို ဆက်လက် ထိန်းသိမ်းထားလျက်ရှိသည်။ မွန်ဂိုလီးယားနိုင်ငံသည် ဂိုဘီဝက်ဝံများအား အမဲလိုက်သတ်ဖြတ်ခြင်းကို ၁၉၅၃ ခုနှစ်ကတည်းက ကန့်သတ်တားမြစ်ခဲ့ပြီး ယခု ဆောင်ရွက်နေသည့် ဂိုဘီဝက်ဝံထိန်းသိမ်းရေး စီမံချက်သည် မျိုးသုဉ်းရန် အန္တရာယ်အလွန် နီးကပ်နေသည့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် များစွာ အရေးပါလှသည့် လုပ်ငန်းစဉ် တစ်ရပ်ပင်
ဖြစ်သည်။
- Log in to post comments