
အူလန်ဘာတာ ဖေဖော်ဝါရီ ၄
မွန်ဂိုလီးယားနိုင်ငံသည် လူတစ်သိန်းလျှင် ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်း ကမ္ဘာ့အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း အမျိုးသားကင်ဆာဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောသည်။
လူဦးရေ ၃ ဒသမ ၄ သန်းရှိသော မွန်ဂိုလီးယား နိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် အနည်းဆုံး လူပေါင်း ၆၈၈၅ ဦးတွင် ကင်ဆာရောဂါတွေ့ရှိခဲ့ပြီး လူပေါင်း ၄၅၄၈ ဦးမှာ အဆိုပါရောဂါကြောင့် သေဆုံးခဲ့ကြောင်း နှစ်စဉ် ဖေဖော်ဝါရီ ၄ ရက်တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာနေ့ အခါသမယတွင် အမျိုးသား ကင်ဆာဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ကင်ဆာ ရောဂါသစ်ရှာဖွေတွေ့ရှိမှု၏ ၇၀ ရာခိုင်နှုန်းကျော်မှာ အလွန်နောက်ကျမှ ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး ကင်ဆာရောဂါလူနာများ၏ ၈၇ ရာခိုင်နှုန်းမှာ အသက် ၄၅ နှစ်နှင့် အထက်ဖြစ်ကြောင်း သိရသည်။
မွန်ဂိုလီးယားနိုင်ငံတွင် ပြင်းထန်သောရောဂါ များကို ဆောလျင်စွာ ရှာဖွေတွေ့ရှိနိုင်ရန်၊ ကျန်းမာ သော လူနေမှုဘဝကိုမြှင့်တင်ရန်နှင့် အမျိုးသားနှင့် အမျိုးသမီးများကြား သက်တမ်းကွာဟချက်ကို ကျဉ်းမြောင်းစေရန်အလို့ငှာ ပြီးခဲ့သည့် မေလမှ စတင်ကာ နိုင်ငံတစ်ဝန်း ကျန်းမာရေးစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။ အလွန်နောက်ကျမှ တွေ့ရှိ သော ရောဂါသည် ကုသမှုအောင်မြင်ရန် နည်းပါး သလို အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အခမဲ့ကျန်းမာရေးစစ်ဆေးမှုတွင် တက်တက် ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြည်သူများကို တိုက်တွန်းနှိုးဆော်ထားသည်။
ဆင်ဟွာ