မင်္ဂလာရှိသောသတင်း

Type
1

 

မြင့်မောင်စိုး

ကျွန်တော်သည် ၂၀၁၉ ခုနှစ်က ကချင်ပြည်နယ် ခေါင်လန်ဖူးသို့ သွားရောက်ခဲ့ပါသည်။ သွားရောက် ခဲ့သော  အကြောင်းရင်းကတော့   ဝေးလံခေါင်ဖျား သောဒေသရှိ ကလေးများအား ပညာရေးဝန်ထမ်း ဆရာ ဆရာမများက  ခက်ခဲပင်ပန်းစွာ   ပညာ သင်ကြားပေးနေရမှုကို အကြောင်းပြု၍ ဆောင်းပါး များ  ရေးသားရန်  သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်နှင့်အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားရုပ်သံချန်နယ် ရိုက်ကူးရေးအဖွဲ့လည်း ပါပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ခဲ့သည့် နယ်စပ်ဒေသ ရိုက်ကူးတင်ဆက်ရေးအစီအစဉ်လည်း ဖြစ်ပါသည်။ ထိုခရီးစဉ်သည် အလွန်ခက်ခဲသည့်    တောတွင်း ရိုက်ကူးရေးအစီအစဉ် ဖြစ်ပါသည်။ အကြောင်းသည် ကား    လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဖြစ်သည်။

 


တောင်ဆင်းတောင်တက်ကြမ်းတမ်းသောခရီး


ခေါင်လန်ဖူးသို့ သွားရောက်ရန်အတွက် ရန်ကုန် မြို့မှသည် မြစ်ကြီးနားမြို့သို့ ကားဖြင့်၊ မြစ်ကြီးနား မြို့မှသည်  ပူတာအိုသို့   လေယာဉ်ဖြင့်၊   တစ်ဖန် ပူတာအိုမှသည် မချမ်းဘော့သို့ ကားဖြင့် အဆင့်ဆင့် ခရီးနှင်ပြီးမှ     မဂွေဇဆိုသောအရပ်မှစတင်ကာ ခေါင်လန်ဖူးအထိ ခြေကျင်ခရီးအဖြစ် တစ်တောဝင် တစ်တောင်တက်သွားခဲ့ရပါသည်။ အလွန်ပင်ပန်း နွမ်းနယ်လှသော တောတွင်းခရီးကြမ်းကို ရက်ရှည် သွားရောက်ခဲ့ရခြင်းဖြစ်ပါသည်။   မဂွေဇမှသည် ခေါင်လန်ဖူးသို့ ခြေကျင်ခရီးသည် အနည်းဆုံး မိုင် ၅၀၊ ၆၀  ကွာဝေးသော  တောင်ဆင်းတောင်တက် ကြမ်းတမ်းသော       ခရီးဖြစ်သည်။      အဆိုးဆုံး၊   အပင်ပန်းဆုံးမှာ ပေပေါင်း ၇၇၀၀ ကျော်မြင့်သည့် ဆန်းလွတ်ချက် တောင်တက်တောင်ဆင်းခရီးစဉ် ဖြစ်သည်။ ခေါင်လန်ဖူးသို့ရောက်ရန်  လမ်းတွင်   အနည်းဆုံး    လေးညအိပ်ပြီးနား၍   သွားခဲ့ရခြင်း ဖြစ်သည်။

 


ထိုစဉ်က အတူသွားခဲ့ရသော ဆရာ ဆရာမလေး များသည် လမ်းခရီး ပင်ပန်းလွန်းအားကြီး၍ ဖျားသူ ဖျား၊ နာသူနာ၊ ငိုသူငိုဖြင့် အတော်လေးပင်  စိတ် မကောင်းစရာများ မြင်တွေ့ခဲ့ရမှုများကို  အမှတ်ရ နေဆဲဖြစ်ပါသည်။ ထို့ကြောင့်လည်း  ခေါင်လန်ဖူး ဆိုလျှင် ပညာရေးဝန်ထမ်းများအဖို့  သွားရောက် တာဝန်ထမ်းဆောင်ရမည်ကို ကြောက်လန့်နေခြင်း မှာ မဆန်းပါ။ အသွားဆင်းရဲ၊ အလာဆင်းရဲ၊ အစား ဆင်းရဲ၊ အနေဆင်းရဲဖြင့် ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေရခြင်းပါ။     တာဝန် ထမ်းဆောင်ရင်း လမ်းခရီးတွင် ပင်ပန်းလွန်းအားကြီး ၍ နာဖျားသေဆုံးသည့် ဆရာမများပင် ရှိခဲ့ပါသည်။ ခေါင်လန်ဖူးလမ်းပန်းဆက်သွယ်ရေးသည် ထိုမျှပင် ခက်ခဲကြမ်းတမ်းလှပါသည်။  အခုတော့   ပြီးခဲ့သည့် နှစ်က မဂွေဇမှ ခေါင်လန်ဖူးအထိ တစ်ကြောင်းထိုး မြေသားလမ်းပေါက်သွားပြီဟု သိရပါသည်။

 


ခေါင်လန်ဖူး၏ ပညာရေးကဏ္ဍ


ခေါင်လန်ဖူးသည်        မြို့ဟုဆိုသော်လည်း စုစုပေါင်း အိမ်ခြေ ၈၀၊ ၁၀၀ ခန့်သာ ရှိပါသည်။ မြို့အခြေစိုက်ဗဟိုပြုထား၍  မြို့နယ်အုပ်ချုပ်ရေး ထွေအုပ်ရုံးရှိသည်။  ရဲစခန်းနှင့် ကျောင်း ရှိသည်။ မြို့နယ်ပြန်ဆက်ရုံး၊    စီမံကိန်းရုံး၊    ဆေးရုံတို့ လည်းရှိသည်။       မြို့နယ်ပညာရေးမှူးရုံးကတော့ လကုန်ရက်ရောက်လျှင်  ဆရာဆရာမများ ဝင်ထွက် သွားလာရာနေရာဖြစ်သည်။ လခထုတ်ခြင်း၊ ရုံးကိစ္စ၊ ကျောင်းကိစ္စဆောင်ရွက်ခြင်း၊    စာရေးကိရိယာ၊ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်ထုတ်ယူခြင်းတို့ ဆောင်ရွက်ရာနေရာလည်း ဖြစ်ပါသည်။

 


ထိုသို့လုပ်ဆောင်ရွက်ရန်အတွက် ဆရာ ဆရာမ များအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးသို့   လစဉ် လာရောက်ရသည်မှာလည်း   လွယ်ကူသောကိစ္စ မဟုတ်ချေ။ ခေါင်လန်ဖူးမြို့နယ်အတွင်း ကျေးရွာ ငယ်များရှိ  မူလတန်း၊    အလယ်တန်းကျောင်း အသီးသီးတွင်      တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမလေးများသည် မြို့နယ်ရုံးနှင့် လစဉ် ဆက်သွယ်သွားလာကြရပါသည်။     အချို့သော ဆရာမလေးများသည် မြို့နယ်ရုံးသို့ မိုင် ၂၀၊ ၃၀ ကွာဝေးသောအရပ်မှ တစ်တောဝင်    တစ်တောင် တက် လာခဲ့ရခြင်းဖြစ်သည်။     တောင်ပေါ်ဒေသ ပညာရေးသည် ခက်ခဲလှပါဘိ။

 


တက္ကသိုလ်ဝင်တန်းအောင်ချက် 
၁၀ နှစ်တိုင်တိုင် သုည


ထို့ကြောင့်လည်း      သင်ကြားရေးသည် ထင်သလောက်မပေါက်ရောက်ခဲ့။ ဆရာ မပြည့်စုံ၊ သင်ကြားသင်ယူမှု  မပြည့်စုံနှင့်  အဘက်ဘက်မှ လိုအပ်ချက်များကြောင့်   ခေါင်လန်ဖူးမြို့နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်   ရာခိုင်နှုန်းသည် ၂၀၁၉ ခုနှစ်အထိ   ဆယ်နှစ်တိုင်တိုင်  သုညဖြစ်ခဲ့ရ ကြောင်း သိရသည်။ ခေါင်လန်ဖူးမြို့နယ်မှ ဝင်ရောက် ဖြေဆိုသော ကျောင်းသား  ကျောင်းသူများသည် တက္ကသိုလ်ဝင်တန်းကို       မအောင်တော့သည်မှာ ဆယ်နှစ်ဆယ်မိုးပင် ကြာညောင်းခဲ့လေပြီ။ အခု တော့ ထိုသို့မဟုတ်တော့ပါ။    ထိုရလဒ်အခြေအနေကို ပြောင်းပြန်ပြောင်းလဲလိုက်ပြီဖြစ်သည်။      ဆရာ ဆရာမများ၏  ကြိုးစားသင်ပြမှု၊      ကျောင်းသား ကျောင်းသူများ၏ လုံ့လပြုမှု၊ ရပ်ရွာ ကျောင်းသား မိဘနှင့် မြို့နယ်ထွေအုပ်စသည်ဖြင့် ဝိုင်းဝန်းအားပေး မှုများကြောင့် ခေါင်လန်ဖူးမြို့နယ်၏ တက္ကသိုလ်ဝင် တန်းအောင်ချက်ရာခိုင်နှုန်းသည်  တမဟုတ်ချင်း တိုးတက်ပြောင်းလဲခဲ့ပေပြီ။     အားလုံးဝိုင်းဝန်း ကြိုးစားအားထုတ်ခဲ့ခြင်း၏ ရလဒ်ပေတည်း။

 


ဂုဏ်ပြုချီးမြှင့်ပွဲ


ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်က ဖြစ်သည်။၂၀၂၂ ခုနှစ် မတ်လက ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ် ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများနှင့်  တက္ကသိုလ်ဝင် တန်းစာမေးပွဲ   အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းသင်ကြားပေးခဲ့ကြသော ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို   ခေါင်လန်ဖူးမြို့ ဂီထော့တောင်ခန်းမကြီး၌   ကျင်းပပြုလုပ်ခဲ့ကြ သည်။

 


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဆန်းထွန်း၊ မြို့မိမြို့ဖ ဦးပီတာ နှင့် ကျောင်းသားမိဘ ဦးမီးကော်ဖူးတို့က ဂုဏ်ပြု ကျေးဇူးတင်စကားများ ပြောကြားကြပြီး သုံးဘာသာ ဂုဏ်ထူးရှင် ကျောင်းသူသုံးဦး၊ တစ်ဘာသာ ဂုဏ်ထူး ရှင် ကျောင်းသား ကျောင်းသူ နှစ်ဦး၊ ရိုးရိုးအောင် ကျောင်းသား ကျောင်းသူ လေးဦးနှင့် သင်ကြားပို့ချ ပေးခဲ့သော ဆရာမ ၁၂ ဦးတို့အား    ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း၊ ခေါင်လန်ဖူးတွင် ၂၀၂၂ ခုနှစ်  တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၃၅  ဦးအနက်   ကိုးဦး  အောင်သဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၅ ဒသမ ၇၁ ဖြစ်ကြောင်း သိရလေသည်။

 


အဆိုပါအခမ်းအနားတွင်    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမြင့်စိုးက    ငွေကျပ်  ၁၀  သိန်း၊   မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်  မြတ်သက်ဦးနှင့် မိသားစုက ငွေကျပ် ၄၅၀၀၀၀၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်   စေတနာရှင်များက ငွေကျပ် ၂၅၅၀၀၀၀၊  စုစုပေါင်း ငွေကျပ်သိန်း ၄၀ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 


တကယ်လုပ်လျှင် အဟုတ်ဖြစ်


တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စာများလွန်း ၍ အောင်ရန်ပင် ခက်ခဲလှသည်။   ဆရာ၊  မိဘ၊ ကျောင်းသား ညီညွတ်စွာ ထောက်ပံ့မှုအားကောင်း ပါမှ နှစ်ချင်းပေါက်အောင်မြင်သော စာမေးပွဲဖြစ် သည်။ တော်တန်ရုံကြိုးစားမှုနှင့်  အောင်မြင်မှုရရှိ ရန် မလွယ်လှပေ။   ယခု ခေါင်လန်ဖူးမြို့နယ်၏ အောင်မြင်မှုသည် သာမန်မဟုတ်။   သုံးဘာသာ ဂုဏ်ထူးရှင်  သုံးဦးအထိ   ထွက်ပေါ်လာခြင်းမှာ သာမန်လုံ့လဥဿာဟပြုခြင်းမဟုတ်ပေ။ ဆရာမ များက သေသေချာချာ ကြပ်မတ်သင်ကြားပေးခဲ့ သည်မှာ အထင်အရှားပင်ဖြစ်သည်။ အခြေခံပညာ ကျောင်းများအတွက် အတုယူဖွယ်လုပ်ဆောင်ချက် ဖြစ်သည်။ ဆယ်စုနှစ်ကြာအောင်   တစ်ယောက် တလေမျှ   အောင်မြင်မှုမရခဲ့သောကျောင်းသည်   ယခုဂုဏ်ထူးများနှင့် အောင်သည်ဆိုခြင်းမှာ အံ့ဩ ဖွယ်ဖြစ်သည်။  တကယ်လုပ်လျှင်    တကယ်ဖြစ်သည် ဆိုသည်မှာ ထင်ရှားလှပေသည်။

 


ထိုသတင်းအကြောင်းအရာကို ကြားသိလိုက်ရ သည့်အတွက်   အလွန်ပင်   ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ ခေါင်လန်ဖူး မြို့နယ်သူမြို့နယ်သား များအတွက် အားတက်ဂုဏ်ယူစရာပင် ဖြစ်ပါသည်။ အထူးသဖြင့် ကျောင်းသားမိဘများ၊  ကျောင်းသား ကျောင်းသူများအတွက် အားတက်စရာပင် ဖြစ်ပါ သည်။

 


၂၀၁၉ မတိုင်မီက ဆယ်နှစ်တိုင်  အောင်ချက် ရာခိုင်နှုန်း  သုညဖြစ်ခဲ့ရသော   ခေါင်လန်ဖူးသည် ပြောင်းလဲပစ်လိုက်ပြီဖြစ်သည်။ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ဝိုင်းဝန်းကြိုးပမ်းကြ ၍ တကယ်လုပ် အဟုတ်ဖြစ်ခဲ့ပြီ။ အားလုံးအတွက် မင်္ဂလာရှိသောသတင်းပင် ဖြစ်ပါသည်။ ခေါင်လန်ဖူး မြို့နယ်အတွက်၊  ခေါင်လန်ဖူးပညာရေးအတွက်၊ ကျောင်းသား  ကျောင်းသူများအတွက်   မင်္ဂလာ သတင်းပင် ဖြစ်တော့သည်။ ထိုမင်္ဂလာရှိသော သတင်း သည် နှစ်စဉ်နှစ်တိုင်း မွှေးပါစေ၊  ပျံ့ပါစေ၊ လန်းပါ စေ၊  ကျော်ပါစေ၊    ကြားပါစေဟူ၍သာ ဆုတောင်း အခါခါ ပြုလိုက်ရပါသည်။      ။