“ မင်္ဂလာပါ အတာသင်္ကြန် ” တေးဂီတ ဖျော်ဖြေပွဲအစီအစဉ်ကို မြန်မာ့ရုပ်မြင်သံကြား၌ပြသမည်

 

နေပြည်တော်   ဧပြီ   ၈


ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့်   စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီ အစဉ်များကို တိုးမြှင့် တင်ဆက်လျက်ရှိရာ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်အစီအစဉ်အဖြစ် “ မင်္ဂလာပါ      အတာ သင်္ကြန် ” တေးဂီတဖျော်ဖြေပွဲကို ဧပြီ ၁၀ ရက်မှ  ၁၆ ရက်အထိ  ညစဉ်  ည ၉ နာရီခန့်တွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

 


အဆိုပါ   တေးဂီတဖျော်ဖြေပွဲ အစီအစဉ်ကို စန္ဒရားမောင်လှအေး၊ ဂီတဉ္စလီနှင့် ရွှေသံစဉ်တီးဝိုင်းတို့က   နာမည်ကျော်  အဆိုတော်များ ဖြစ်ကြသည့်   သန်းမြတ်စိုး၊ ဂျက်မြသောင်း၊ တက္ကသိုလ်   ကိုကိုဇော်၊ ရဲထိုက်၊ ဝိုင်းလမင်းအောင်၊   ဆူးနစ်၊   ယဉ်ဝေယံထွန်း၊   ပန်းအိဖြူ၊ သက်မှူးခင်၊ ယဉ်လက်၊ ရွှေရူပါဦး၊ နေခြည်၊ နန်းKZ ၊ မြင့်မိုရ်သွန်းခ၊ အိအိလှိုင်၊ နန်းစန္ဒီ၊ မြနန္ဒာတို့နှင့်အတူ အတာသင်္ကြန် တေးသီချင်းများ အပြင် ပျော်ရွှင်မြူးကြွမည့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြ မည်ဖြစ်သည်။  

 


ယင်းအစီအစဉ်တွင် အုန်းလက်ရေကစားမဏ္ဍပ်များ၌  စတုဒိသာ  ကျွေးမွေးခြင်း စသည့်သင်္ကြန်ပုံရိပ်များကိုလည်း ရိုက်ကူးပြသမည်ဖြစ်ပြီး  ယင်းတင်ဆက်မှုကို နောက်တစ်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဒုတိယ အကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်