မင်းဘူးခရိုင် မြို့နယ်ငါးခုတွင် မိုးနေကြာသီးနှံ ဧက ၂၈၀၀၀ ကျော် စိုက်ပျိုးလျက်ရှိ

 

မင်းဘူး    ဇွန်   ၁၂


မကွေးတိုင်းဒေသကြီး   မင်းဘူးခရိုင်အတွင်းရှိ   မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်များတွင်   နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေး နှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရေးတို့အတွက် ၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီ၌ မိုးနေကြာသီးနှံကို သီးသန့်နှင့် သီးညှပ်စိုက်ပျိုး စနစ်များဖြင့် ဧကပေါင်း ၂၈၀၀၀ ကျော်  စိုက်ပျိုးဆောင်ရွက်လျက်ရှိ ကြောင်း မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 


ထိုသို့စိုက်ပျိုးရာတွင် သီးသန့်နှင့်   သီးညှပ်စိုက်ပျိုးစနစ်များဖြင့် မင်းဘူး(စကု)မြို့နယ်က ၁၀၀၆၄ ဧက၊ ပွင့်ဖြူမြို့နယ်က ၅၆၁၂ ဧက၊ စလင်းမြို့နယ်က ၈၅၂၇ ဧက၊ ငဖဲမြို့နယ်က ၃၉၆၁ ဧကနှင့် စေတုတ္တရာ မြို့နယ်က  ၇၀၃ ဧက အသီးသီးလျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ခရိုင် အတွင်း မိုးနေကြာသီးနှံကို သီးညှပ်စိုက်ပျိုးသည့် ဒေသခံတောင်သူများ အတွက်   တစ်ဧကလျှင် တစ်ပြည်နှုန်းဖြင့် မျိုးစေ့တင်းပေါင်း ၆၁၉ ဒသမ ၇၅ တင်းအား  တိုင်းဒေသကြီးအစိုးရအဖွဲ့က   အခမဲ့ထောက်ပံ့ပေးထား ကြောင်း၊ အဆိုပါ စိုက်ခင်းများအတွင်း စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး နှင့် ရောဂါပိုးမွှားကျရောက်မှုအန္တရာယ် ကာကွယ်နှိမ်နင်းရေးနှင့် မြို့နယ် အလိုက် စိုက်ဧကလျာထားချက် ပြည့်မီမှန်ကန်စွာ စိုက်ပျိုးနိုင်စေရေး တို့အတွက်     စိုက်ပျိုးရေးကွင်းဝန်ထမ်းများက   တောင်သူပညာပေး ကွင်းဆင်းပြီး ဒေသခံတောင်သူများနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးက ပြောသည်။

 


“ဒီဒေသက မိုးဦးကျဆိုရင် နှမ်း၊ မြေပဲ၊ ပဲတီစိမ်းနဲ့ မိုးစပါးကို အဓိက စိုက်ပျိုးကြပြီး  မိုးဦးနေကြာကိုတော့   စိုက်ပျိုးတာနည်းတယ်။ အချို့ တောင်သူတွေက အခုရက်ပိုင်း မိုးစပါးနဲ့ မိုးနေကြာကို စိုက်ပျိုးတာတွေ ရှိသလို အများစုက မိုးနေကြာဆိုရင်   ဇူလိုင်လထဲမှာ စိုက်ပျိုးကြပြီးတော့ နှောင်းပိုင်းအတွက်ဆိုရင် မိုးကုန်ခါနီးမှ ဆောင်းနေကြာကို အများဆုံး စိုက်ပျိုးကြတာပါ” ဟု မင်းဘူး(စကု)မြို့နယ် ဇရပ်ကြီးကျေးရွာမှ နေကြာ စိုက်တောင်သူ ဦးဝင်းအောင်က ပြောသည်။

 


မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်ငါးခုတွင် ၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီ၌ (မိုး)နေကြာသီးနှံကို သီးသန့်စိုက်ဧက ၁၈၉၅၁ ဧကနှင့် သီးညှပ်စိုက်ဧက ၉၉၁၆ ဧက စုစုပေါင်း ၂၈၈၆၇ ဧကအထိ စိုက်ပျိုးသွားမည်ဖြစ်ဖြစ်ပြီး ဇွန် ၉ ရက်အထိ  သီးသန့်စိုက် ၅၇၉ ဧကနှင့် သီးညှပ်စိုက် ၄၇၄ ဧက စုစုပေါင်း ၁၀၅၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 


မောင်မောင်(မင်းဘူး)