
မင်းဘူး ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်၌ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားစေရေးနှင့် ပြည်တွင်း စားသုံးဆီ ဖူလုံစေရေးတို့အတွက် ၂၀၂၂ ခုနှစ် မိုးနှင့်ဆောင်း စိုက်ပျိုး ရာသီတွင် နေကြာသီးနှံကို ဧက ပေါင်း ၄၃၀၀၀ကျော် လျာထား စိုက်ပျိုးမည် ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
မင်းဘူး(စကု)မြို့နယ်အတွင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို အဓိက အားထားစိုက်ပျိုးကြပြီး စိုက်ပျိုး စရိတ်ကုန်ကျမှု နည်းပါးသော နေကြာသီးနှံကို စိုက်ပျိုးထုတ်လုပ် မှု တိုးတက်မြင့်မားစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ ပြည်ပစားသုံးဆီ တင်သွင်း ရောင်းချမှု/သုံးစွဲမှု လျော့ကျ စေရေး၊ စိုက်ပျိုးတောင်သူများ တစ်ဧက အထွက်နှုန်း တိုးတက် ကောင်းမွန်စေရေး၊ မျိုးကောင်း မျိုးသန့်များ စနစ်တကျစိစစ် ရွေးချယ် စိုက်ပျိုးနိုင်စေရေးနှင့် တောင်သူတစ်ဦးချင်း အလိုက် ဝင်ငွေ တိုးတက်စေရေးတို့ အတွက် ၂၀၂၂ ခုနှစ် မိုးနှင့် ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ဧကပေါင်း ၄၃၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ် ကြောင်း၊ ယခုနှစ် မိုးရာသီတွင် နေကြာသီးနှံကို သီးညှပ်စိုက်ပျိုး မည့် တောင်သူများအား တိုင်း ဒေသကြီးအစိုးရအဖွဲ့က တစ်ဧက လျှင် မျိုးစေ့တစ်ပြည်နှုန်း အခမဲ့ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးနှင့်ဆောင်း စိုက်ပျိုး ရာသီက နေကြာသီးနှံကို ဧက ပေါင်း ၁၂၂၄၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် မိုးရာသီတွင် ၁၀၀၆၄ ဧကနှင့် ဆောင်းရာသီတွင် ၃၃၅၀၄ ဧက စုစုပေါင်း ၄၃၅၆၈ ဧကအထိ တိုးချဲ့စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)