မလှိုင်မြို့နယ်၌ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များလိုက်နာရန် စစ်ဆေး

 

မလှိုင်  နိုဝင်ဘာ ၁၃ 


မန္တလေးတိုင်းဒေသကြီး    မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယအကျော့ဖြစ်ပွားမှု ရာနှုန်း   လျော့ကျလာသော်လည်း   ရောဂါ ကူးစက်ပြန့်ပွားမှု  ဆက်လက်ထိန်းချုပ်နိုင် စေရန်   မြို့နယ်အတွင်း  ဖြတ်သန်းသွားလာ သည့် ခရီးသည်တင်  မော်တော်ယာဉ်များပေါ် လိုက်ပါလာသူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏  ညွှန်ကြားချက်များအတိုင်း တိတိကျကျလိုက်နာစေရန်   နိုဝင်ဘာ ၁၁ရက် က မြို့အဝင် ကုန်းတဲဂိတ်တွင် စစ်ဆေးသည်။ 

 


မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်   အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ   မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ဖြတ်သန်း သည့် မော်တော်ယာဉ်များပေါ် လိုက်ပါလာသူ ခရီးသွားပြည်သူများအား  ညွှန်ကြားချက်များ အတိုင်း   လိုက်နာဆောင်ရွက်ခြင်း   ရှိ /မရှိ စစ်ဆေးကြခြင်းဖြစ်ကာ   ခရီးသည်များအား အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ   စနစ်တကျတပ်ဆင်ရန်၊   တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် ၊  လက်ကို    မကြာခဏ ဆေးကြောရန်   သတိပေးခြင်း၊   နှာခေါင်းစည်းမတပ်ပါက   အခမဲ့ပေးဝေခြင်းများကို ဆောင်ရွက်ကြသည်။ 

 


မလှိုင်မြို့နယ်တွင်   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးကို   ဇူလိုင်   ၃၁   ရက်မှ စတင်ထိုးနှံပေးခဲ့ရာ  အသက်  ၁၈    နှစ်နှင့် အထက် ကာကွယ်ဆေးထိုးရန် လျာထားဦးရေ ၁၂၂၄၇၄ ဦးရှိပြီး  Covidshield ထိုးနှံပြီးသူ ၄ဝ၄၉  ဦး၊    ဦးတည်အုပ်စုများအလိုက်  Sinopharm အမျိုးအစား (ပထမအကြိမ်)ထိုးနှံပြီးသူ ၆၈၃၆  ဦး၊ ဒုတိယအကြိမ် ထိုးနှံ ပြီးသူ  ၁၉၄၅၅  ဦး၊ တတိယအကြိမ်  ထိုးနှံပြီး သူ  ၁ဝ၆၃၅   ဦး ထိုးနှံပေးခဲ့ပြီး  ဆေးထိုးပြီးမှု  ၃၃ ဒသမ ၅  ရာနှုန်းရှိသည်။ ထို့အပြင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူ များအား Sinovac အမျိုးအစား  ကာကွယ်ဆေး ထိုးရန် လျာထားဦးရေ  ၆၇၉၀  အနက်  ၄၃၅ဝ  ကို ထိုးနှံနိုင်ခဲ့ပြီး  ဆေးထိုးနှံနိုင်မှု ၆၄ ဒသမ ၁ ရာနှုန်းရှိကြောင်း သိရသည်။                       
အောင်ဌေး(မလှိုင်)