
မလှိုင် စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလူနာများ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများ ဦးဆောင်၍ အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံကို ဩဂုတ် ၁ ရက်က စတင်တည်ဆောက်ခဲ့ကာ စက်ရုံအတွက် အောက်ဆီဂျင်စက်သစ်မှာ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိ ပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည် ။
ရောက်ရှိလာသော အောက်ဆီဂျင်စက်သစ်မှာ မလှိုင် မြို့ မိသားစုကိုယ်ပိုင်အထက်တန်းကျောင်းမှ လှူဒါန်းခဲ့ ခြင်းဖြစ်ပြီး မြို့မိမြို့ဖများ၏ စုပေါင်းလှူဒါန်းငွေဖြင့် စက်ရုံတည်ဆောက်ခြင်းနှင့် စက်ဝယ်ယူခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အောက်ဆီဂျင်စက်ရုံကို မိတ္ထီလာ-မြင်းခြံကားလမ်းမ အရှေ့ဘက်လယ်ကြီး ကျေးရွာအုပ်စုအတွင်း၌ တည်ဆောက်ထားပြီး စက်ရုံအဆောက် အအုံသည် အလျား ၄၅ ပေ၊ အနံ ၄၅ ပေ၊ အမြင့် ၁၃ ပေရှိ အာရ်စီတစ်ထပ် အဆောက်အအုံဖြစ်သည်။
စက်ရုံဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကိုစန်းက “ကျွန်တော်တို့ဆီကို ဒီနေ့မနက်ပဲ အောက်ဆီဂျင်စက်အသစ်ရောက်ပါတယ်။ အားလုံး အဆင် သင့် ပြင်ဆင်ထားပြီးပါပြီ။ ရောက်ရှိလာတဲ့ အောက်ဆီဂျင် စက်ကို ၃/၄ ရက်အတွင်း အပြီးတပ်ဆင်ပြီး လည်ပတ် နိုင်အောင် ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ လည်ပတ်နိုင်ပါက တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အိုးအလုံး ၈ဝ ထုတ်လုပ်နိုင် မည်ဖြစ်ပြီး မလှိုင်မြို့နယ်ရှိ ကိုဗစ်-၁၉ လူနာများအတွက် သာမက အခြားသော အောက်ဆီဂျင်လိုအပ်သည့် ဝေဒနာ ရှင်များနှင့် ဆက်စပ်နေသည့် မြို့နယ်များအတွက်လည်း ပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး
(မလှိုင်)