
မလှိုင် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကုန်းတဲအုပ်စု ကုန်းတဲ(မြောက်)ရွာတွင် မလှိုင်မြို့ အကြီးဆုံး ရပ်တော်မူရုပ်ပွားတော်ကြီးအား အများပြည်သူဖူးမြော်နိုင်ရန် တည်ထားလျက်ရှိနေကြောင်း ကုန်းတဲ မြောက်ရွာ ရွာဦးကျောင်းဆရာတော်ထံမှ သိရသည်။
ကုန်းတဲမြောက်ရွာ၌ တည်ဆောက်နေသည့် “ကြံတိုင်းအောင် အဘယလာဘမုနိ ရပ်တော်မူ ဘုရားကြီး၏ ဉာဏ်တော်အမြင့်မှာ ၂၇ ပေရှိပြီး ပလ္လင်တော်အကျယ် အမြင့် ၅ ပေ ဘုရားကြီး ရင်ပြင် တော်အကျယ်မှာ တောင်မြောက် ၆၅ ပေ၊ အရှေ့ အနောက် ပေ ၆၀ ရှိကာ မလှိုင်မြို့နယ်တွင် အကြီးဆုံး ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကြောင်း” ဆရာတော်ထံမှ သိရသည်။
ကုန်းတဲမြောက်ရွာရှိ “ကြံတိုင်းအောင် အဘယ လာဘမုနိ ရပ်တော်မူ ဆင်းတုတော်ဘုရားကြီး” တည်ဆောက်ရန် ဆရာတော်က ဆန္ဒရှိနေသော်လည်း ငွေကြေးလိုအပ်ချက်ရှိနေသောကြောင့် Facebook လူမှုကွန်ရက်စာမျက်နှာမှတင်၍ အလှူခံ၍သော် လည်းကောင်း၊ မိတ်ဆွေအပေါင်းအပါများအား လှူဒါန်းရန် နှိုးဆော်ခြင်းဖြင့် လည်းကောင်း ရပ်တော်မူရုပ်ပွားတော်ကြီး တည်ဆောက်နိုင်ရန် ကြိုးစားရာမှ စုပေါင်းလှူဒါန်းငွေဖြင့် ဖူးမြော်ခွင့် ရရှိပြီဖြစ်ပြီး လာမည့် နယုန်လပြည့်နေ့တွင် ဌာပနာပိတ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ရပ်တော်မူရုပ်ပွားတော်ကြီး၏ ကျန်ရှိလုပ်ငန်း များအား ဆောင်ရွက်နိုင်ရေးအတွက် အလှူရှင် များအား လှူဒါန်းနိုင်ရန် နှိုးဆော်ထားကြောင်း သိရသည်။
ကုန်းတဲမြောက်ရွာရှိ “ကြံတိုင်းအောင် အဘယ လာဘမုနိ ရပ်တော်မူ ဆင်းတုတော်ဘုရားကြီး”၏ ဉာဏ်တော်အမြင့် ၂၇ ပေ တည်ဆောက်ခြင်းမှာ နောင်လာနောက်သားများ ဂေါတမဘုရားရှင် အရပ်တော်အား မှတ်မိသတိရစေရန် တည်ဆောက် ခဲ့ခြင်းဖြစ်၍ ကြည်နူးဖွယ်ကောင်းကြောင်း ဆင်းတု တည်ဆောက်သည့် မြန်မာမှုပညာရှင် ဦးစိုးမြင့်က ပြောသည်။
ဘိုဘို(မလှိုင်)