
ရန်ကုန် ဖေဖော်ဝါရီ ၁၁
မြန်မာ့လက်ရွေးစင် ကွင်းလယ် ကစားသမား ကျော်မင်းဦးသည် မလေးရှား ကလပ် PDRM အသင်း သို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။
ကျော်မင်းဦးသည် ဒူးဒဏ်ရာ ကြောင့် ကာလရှည်ကြာစွာ အနား ယူခဲ့ရသော်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြန်လည် ကောင်းမွန်လာကာ ခြေစွမ်းပြ ကစားနိုင်သဖြင့် ပြည်ပကလပ် များ၏ စိတ်ဝင်စားခြင်းခံခဲ့ရသည်။ ကျော်မင်းဦးသည် ပြီးခဲ့သည့် ရာသီတွင် ရန်ကုန်ယူနိုက်တက် အသင်းတွင် ပါဝင်ကစားခဲ့သလို မြန်မာ့လက်ရွေးစင် အသင်းတွင်
လည်း တစ်ကျော့ပြန် ရွေးချယ်ခံခဲ့ရသည်။ ကျော်မင်းဦးသည် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ မြန်မာ ယူ-၂၀ အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ နှစ်ဆန်းပိုင်းတွင် ရရှိသည့် ဒူးဒဏ်ရာ ကြောင့် ကာလရှည်ကြာစွာ အနားယူခဲ့ရခြင်းဖြစ်သည်။ ကျော်မင်းဦး သည် ၂၀၂၂ AFF Cup ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခဲ့သည်။
မလေးရှားကလပ် PDRM အသင်းသို့ ကျော်မင်းဦး ပြောင်းရွှေ့ သွားသဖြင့် လာမည့်ရာသီတွင် မလေးရှားလိဂ်၌ မြန်မာကစားသမား သုံးဦး ပါဝင်ကစားမည်ဖြစ်ပြီး ကျော်မင်းဦး မတိုင်မီက ဆီလန်ဂေါ အသင်းတွင် ဟိန်းထက်အောင်၊ ပီနန်းအသင်းတွင် ဇော်မင်းထွန်းတို့ ပါဝင်ကစားလျက်ရှိသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး