မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ခုနစ်ဦး ထပ်မံဖမ်းဆီးရမိ

 

 

နေပြည်တော် မေ ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အရှေ့ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်းနှင့် တရားမဝင် ပြည်ပနိုင်ငံသားများ လည်းရှိနေကြောင်း သတင်းများအရ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက ရှာဖွေစစ်ဆေးမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသား ခုနစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်စဉ် မက်မန်းမြို့၏ အနောက်တောင်ဘက် ၄၅ ကီလိုမီတာခန့်အကွာရှိ သံလွင်မြစ်အနီး တစ်ဝိုက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင် တရုတ်နိုင်ငံသားတစ်ဦးကို ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်းကောင်း၊ ထပ်မံ၍ တရားမဝင် တရုတ်နိုင်ငံသားတစ်ဦးကို မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် လည်းကောင်း၊ တရားမဝင် တရုတ်နိုင်ငံသား ငါးဦးကို မွန်းလွဲ ၃ နာရီခွဲခန့်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ရာ အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် စုစုပေါင်း တရားမဝင် တရုတ်နိုင်ငံ သား ခုနစ်ဦးကို တွေ့ရှိဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူ များကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက် စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြန်မာနိုင်ငံအစိုးရ အနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး အတွက် ပြည်တွင်းအင်အားစုများ အပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုး ကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည် လောင်းကစားမှုတွင် တစ်နည်း နည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပ နိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီး ထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင် လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်