
ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် (၃) မှ မန်ယူနှင့် ဒိန်းမတ်ကလပ် ကိုပင် ဟေဂင်အသင်း ပွဲစဉ်ကို အောက် တိုဘာ ၂၅ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်း က တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့ပြီး ချန်ပီယံလိဂ် ရှုံးပွဲဆက်မှုကို ချေဖျက်နိုင်ခဲ့သည်။ အဆိုပါပွဲစဉ် ကို အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ပြီး ပရိသတ် ၇၃၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။
နောက်တစ်ဆင့် တက်ရေး အတွက် မဖြစ်မနေနိုင်ပွဲရရှိရန် လိုအပ်နေသည့် မန်ယူအသင်း သည် ယခုပွဲစဉ်တွင် ခံစစ်ကစား သမား မက်ဂွိုင်းယားနှင့် ဂိုးသမား အိုနာနာတို့ ပုံစံကောင်းပြသနိုင်ခဲ့ သည်။
အနိုင်ဂိုးသွင်း
မန်ယူနောက်တန်း ကစား သမား မက်ဂွိုင်းယားက ပွဲချိန် ၇၂ မိနစ်တွင် မန်ယူအသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူ ပေးနိုင်ခဲ့သလို အိုနာနာက နာကျင် အချိန်ပိုတွင် ကိုပင်ဟေဂင်မှ လူစားဝင်ကစားသမား လာဆင်၏ ပယ်နယ်တီ ကန်သွင်းချက်ကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သည်။
ဖိအားပေးကစား
အဆိုပါ ခေါင်းတိုက်သွင်းဂိုး သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မက်ဂွိုင်းယား၏ ဒုတိယမြောက် သွင်းဂိုးလည်းဖြစ်သည်။ မန်ယူ အသင်းသည် အစောပိုင်းပွဲချိန်များ တွင် ပြိုင်ဘက် ကိုပင်ဟေဂင် အသင်း၏ ထိန်းချုပ်ကစားမှု အောက် ပုံစံကောင်းပျောက်ဆုံးခဲ့ သော်လည်း နောက်ပိုင်းပွဲချိန်များ တွင် သိသိသာသာ ဖိအားပေး ကစားလာနိုင်ခဲ့သည်။
မန်ယူတစ်ပွဲနိုင်
အဆိုပါနိုင်ပွဲကြောင့် မန်ယူ အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ တွင် သုံးပွဲကစားပြီး တစ်ပွဲနိုင် ကာ နှစ်ပွဲရှုံးရလဒ် ရရှိထား သည်။ ကိုပင်ဟေဂင်အသင်းက ယခုပွဲ ရှုံးနိမ့်မှုကြောင့် တစ်ပွဲသရေ နှင့် နှစ်ပွဲရှုံး ရလဒ်ရရှိထား သည်။
အခြားပွဲရလဒ်များ
အခြားသော ပွဲစဉ်ရလဒ်များ တွင် ဘိုင်ယန်မြူးနစ်အသင်းက ဂါလာတာစရေးကို သုံးဂိုး-တစ်ဂိုး၊ အာဆင်နယ်က ဆီဗီလာကို နှစ်ဂိုး-တစ်ဂိုး၊ ရီးရဲမက်ဒရစ်က ဘရာဂါကို နှစ်ဂိုး-တစ်ဂိုး၊ နာပိုလီ က ယူနီယံဘာလင်ကို တစ်ဂိုး-ဂိုးမရှိ၊ ဆိုစီဒက်က ဘင်ဖီကာကို တစ်ဂိုး-ဂိုးမရှိဖြင့် အသီးသီးအနိုင် ရရှိခဲ့သည်။ လန်းစ်နှင့် ပွီအက်စ်ဗွီ အသင်း ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ ဖြင့် သရေကျခဲ့သည်။
အောင်ဇော်