
မကွေး မေ ၁၄
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေး တပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ စုပေါင်း၍ မကွေး တက္ကသိုလ်ဝင်းအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီး များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သည် မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဦး၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့ သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့် အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ သန့်ရှင်းသာယာ လှပရေးသည် အရေးကြီးပါကြောင်း၊ တက္ကသိုလ်ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ပျော်ရွှင် စွာ ပညာသင်ယူခွင်ရရှိနိုင်ရေးအတွက် ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အဆောက် အအုံများ ဥပဓိရုပ်ကောင်းမွန်ရေးသည် အလွန် အရေးကြီးပါကြောင်း ပြောကြားပြီး လိုအပ်သည်များ ကို မှာကြားခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)