
မြို့သစ် သြဂုတ် ၈
မကွေးတိုင်းဒေသကြီး မြို့သစ် မြို့နယ်အတွင်းရှိ ဆဒ္ဒန်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်၊ ဘုတ် ချောင်း ဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည် ရေလှောင်တမံသည် သြဂုတ် ၈ရက် နံနက်ပိုင်းကစတင် ၍ ရေပိုလွှဲမှ ရေများကျော်ကျလျက် ရှိကြောင်း မြို့နယ်ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ သိရသည်။
အဆိုပါ ဆဒ္ဒန်ဆည်တမံ၏ တမံအမြင့်မှာ ၁၃၁ ပေ၊ ရေပြည့် အမှတ် ၅၆၀ ဒသမ ၅ ပေ၊ လက်ရှိ ရေမှတ် ၅၆၀ ဒသမ ၇ ပေ ဖြစ်နေကာ လက်ရှိရေပိုလွှဲမှ ရေကျော်အမြင့် ၀ ဒသမ ၂ ပေခန့် ဖြစ်နေလျက်ရှိကြောင်း၊ ဆဒ္ဒန် ဆည်တည်ရှိရာ အထက်ပိုင်းတွင် မိုးရွာသွန်းမှု များသည့်အတွက် ဆည်များအတွင်း မိုးရေများ အဆက်မပြတ် ဝင်ရောက်မှု ကြောင့် ရေပိုလွှဲမှ ရေကျော်ကျ ခြင်းဖြစ်ကြောင်း မြို့နယ်ဆည် မြောင်းဦးစီးအရာရှိ ဦးအောင်ဇော် ထက်ထံမှ သိရသည်။
အဆိုပါ ဆဒ္ဒန်ဆည်သို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ် ရာတွင် ရေလှောင်တမံ၊ ရေထုတ် ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်သော အဆောက်အအုံများ အားလုံး ကြံ့ခိုင်ကောင်းမွန်၍ ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကာ ဆည်အောက်ပိုင်းအနီး ကျေးရွာ အုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံး များတွင် အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင် အလံစိုက်ထူ၍ အသိပေးထား ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာန မှ သိရသည်။
ကိုဇော်(ပြန်/ဆက်)