မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည့် ကျောင်းသား ကျောင်းသူ ၁၁၂၃၈၆ ဦးရှိ

 

မကွေး  အောက်တိုဘာ  ၁၇


ကိုဗစ်-၁၉     ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ    ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်နှင့် ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိလာစေရေး မကွေးတိုင်း ဒေသကြီးအတွင်းရှိ     အသက်  ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  ယနေ့နံနက်  ၉  နာရီက စတင်၍    မြို့နယ်အသီးသီးမှ    သတ်မှတ်စုရပ် ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။ 

 


တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင်   အသက်   ၁၂    နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉    ရောဂါ    ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေး        ထိုးမည့်စုရပ်နေရာများတွင် လက်ဆေးဘေစင်များ ထားရှိခြင်း၊ ကာကွယ်ဆေး ထိုးရန် လာရောက်သည့် ကျောင်းသား ကျောင်းသူ များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊  သွေးပေါင် ချိန်   တိုင်းတာပေးခြင်းနှင့်   သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ     တိုင်းတာခြင်းများကို    ကာကွယ်ဆေးထိုးရေးအဖွဲ့အဖြစ် ဖွဲ့စည်းထားသည့်  ကျန်းမာရေးဝန်ထမ်းများ၊  ဆရာ  ဆရာမများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးစီမံဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိပြီး  ကိုဗစ်-၁၉  ကာကွယ်ဆေးမထိုးမီ  ကျောင်းသား/ ကျောင်းသူ မိဘအုပ်ထိန်းသူများအား ကာကွယ်ဆေး ထိုးနှံပေးမှုနှင့်   ပတ်သက်၍   ကြိုတင်အသိပညာ ပေးခြင်းများ    ဆောင်ရွက်လျက်ရှိကာ     မိဘ အုပ်ထိန်းသူများ၏   သဘောတူညီချက်လက်မှတ် ရရှိမှသာ       ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများအတွက်   ကြိုတင်    စီစဉ်ဆောင်ရွက်ထားရှိကြောင်း   သိရသည်။

 


အသက်    ၁၂   နှစ်နှင့်အထက်    ကျောင်းသား ကျောင်းသူများအား   ကိုဗစ်-၁၉   ကာကွယ်ဆေး ထိုးနှံမှုအနေဖြင့် အစိုးရအခြေခံပညာ အထက်တန်း ကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်      ပညာရေးကျောင်းများမှ  ကျောင်းသား  ကျောင်းသူများအား ကာကွယ်ဆေး  ထိုးနှံပေးခြင်းဖြစ်ပြီး  တိုင်းဒေသကြီးအတွင်း လက်ရှိ စာရင်းကောက်ယူမှုအရ ကာကွယ်ဆေးထိုးနှံပေးမည့်  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ဦးရေ   (၁၁၂၃၈၆)    ဦးရှိကြောင်းနှင့်   အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆေးထိုးစုရပ်၂၅၅ နေရာတွင် ဆေးထိုးနှံပေးမည့်အဖွဲ့ ၁၆၈ ဖွဲ့၊ အဖွဲ့ဝင် ဦးရေ   ၂၆၄၄  ဦးနှင့်   သက်ဆိုင်ရာ   အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မောင်ညီညာ(မကွေး)