မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေဧက ၇၀၀၀၀ ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းတံတားများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

 

မကွေး  စက်တင်ဘာ   ၈


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက   တိုင်းဒေသကြီး အတွင်းရှိ    ဒေသခံတောင်သူများ၏   ဒေသထွက်ကုန်ပစ္စည်းများ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေး ၂၀၂၀-၂၀၂၁  ဘဏ္ဍာ နှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း ၆၃ လမ်းနှင့် တံတား ၆၄ စင်းကို ငွေကျပ် ၂၀၅၃ ဒသမ ၄၈၄ သန်း အသုံးပြုကာ ဖောက်လုပ်ဆောင်ရွက် ပေးလျက်ရှိရာ  ယခုအခါ  ရာနှုန်းပြည့်   ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။ 


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်  ကျေးလက်နေ တောင်သူများ၏    ဒေသထွက်ကုန်ပစ္စည်းများကို စျေးကွက်သို့ လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကျေးလက်ကုန် ထုတ်လမ်းများကို ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်း   ကျေးရွာ များ၌  ကျေးလက်ကုန်ထုတ်လမ်း   ၆၃  လမ်း၊ အရှည်   ၆၉ မိုင် ၂ ဒသမ ၅၄ ဖာလုံနှင့် ကုန်ထုတ်တံတား ၆၄ စင်း၊ ၁၃၆၇ ပေ ကို ပြည်ထောင်စုရန်ပုံငွေ  ၁၇၁၂ ဒသမ ၆၅ သန်း၊ တိုင်းဒေသကြီးရန်ပုံငွေ ၃၄၀ ဒသမ ၈၃၄ သန်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၂၀၅၃ ဒသမ ၄၈၄ သန်း အသုံးပြုကာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ များအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်ကာ   လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဦးစီး မှူး   ဦးမျိုးအောင်က ပြောသည်။ 


“အခုလိုမျိုး ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်း မှာ  ကုန်ထုတ်လမ်း၊ တံတားတွေ​ ဖောက်လုပ်ပေးနေ တာဆိုရင် ဒေသတွင်း စိုက်ပျိုးရေး တောင်သူတွေ အကျိုးစီးပွားအတွက်  လုပ်ဆောင်ပေးနေတာပါ၊  အခုလို ဖောက်လုပ်ပေးနေတာကလည်း  မြို့နယ် အလိုက် ဒေသခံတောင်သူတွေ တောင်းဆိုတဲ့အတွက် ကြောင့် လုပ်ဆောင်ပေးနေတာပါ၊ ကုန်ထုတ်လမ်း ဖောက်လုပ်တဲ့အခါမှာ ကျောက်ရောမြေ တစ်ပေထုနဲ့ မြေနီကျောက်စရစ်ကိုးလက်မထု နှစ်လွှာခင်းပေးတာ ပါ၊ မြေသားလမ်းဖြစ်တဲ့အတွက် ပျက်စီးမှုနည်းအောင် သတ်မှတ်တဲ့သိပ်သည်းထုရအောင်လည်း လုပ်ဆောင် ပေးထားတာပါ” ဟု        တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ဆက်လက်ပြောသည်။


အဆိုပါ ကုန်ထုတ်လမ်းတံတားများဆောင်ရွက် နိုင်မှုကြောင့် ကျေးရွာ ၉၃ ရွာမှ လူဦးရေ ၁၀၂၃၈၅ ဦးတို့၏ စိုက်ပျိုးမြေဧက  ၇၇၆၇၅ ဧကကို အကျိုးပြု နိုင်မည်ဖြစ်ပြီး ယင်းစိုက်ပျိုးမြေများမှ လယ်ယာထုတ် ကုန်/ထွက်ကုန်များနှင့် လယ်ယာသုံး စက်ကိရိယာ များ  အလွယ်တကူ  သယ်ပို့သွားလာနိုင်မည်ဖြစ် ကြောင်း သိရသည်။                  


သန်းလွင်(မကွေး)