မကွေးတိုင်းဒေသကြီး  မြိုင်မြို့နယ်၌ သီလရှင်ဆရာကြီးတစ်ပါးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်

 

 

နေပြည်တော်   ဇန်နဝါရီ   ၃၁
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ် ထိတ်လန့်မှုများဖြစ်ပေါ်စေရန် အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများအား လုပ်ဆောင်လျက်ရှိပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏   အထွတ်အမြတ်ထားရာ  ရဟန်းသံဃာများ၊ သီလရှင်များအား သတ်ဖြတ်ခြင်းနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများကို  သတ်ဖြတ်ခြင်းတို့အား စိတ်နှလုံး ညှိုးနွမ်းဖွယ်ရာ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းများအား ပြုလုပ်လျက် ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသ ကြီး မြိုင်မြို့နယ် ဝက်ကျုံးကျေးရွာ၌ သီလရှင်ဆရာကြီး တစ်ပါးအား အကြမ်းဖက်သမားများက    သတ်ဖြတ်သွားကြောင်း   သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဝက်ကျုံးကျေးရွာရှိ သာသနာ့ဇောတိကာရုံကျောင်းတိုက်(မြောက်)ကျောင်း၌   သီလရှင် ဆရာကြီး ဒေါ်နန္ဒသီရိ(ခ)ဒေါ်ထွေးကြည် (၅၇)နှစ် ၁၅ ဝါ(ဘ)ဦးပြေအေး သည် အဆိုပါ ဘုန်းတော်ကြီးကျောင်းဆောင်ဘေးရှိ အဖီတဲအတွင်း၌ တစ်ပါးတည်းရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့သည်   Mask   များတပ်ဆင်လျက်   ဆိုင်ကယ်  နှစ်စီးဖြင့် ကျောင်းရှေ့သို့ရောက်ရှိလာကာ ဆိုင်ကယ်များရပ်တန့်၍ ၎င်းတို့အနက် မှ အမျိုးသား သုံးဦးသည် ဘုန်းကြီးကျောင်း ခြံစည်းရိုးအုတ်တံတိုင်း ကျော်တက်ဝင်ရောက်လာပြီး သီလရှင်ဆရာကြီးအား ပစ္စတိုသေနတ်ဖြင့် နှစ်ချက် ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
ထိုကဲ့သို့   ပစ်ခတ်သတ်ဖြတ်မှုကြောင့်   သီလရှင်ဆရာကြီးမှာ နဖူးကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊   ဝဲမျက်ခုံးအထက်  ကျည် ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာရှိ ကုလားထိုင် ဘေး မြေကြီးပေါ်တွင် လဲကျသေဆုံးနေသည်ကိုတွေ့ရှိရပြီး အခင်း ဖြစ်နေရာအနီးမှ အကြမ်းဖက်သမားများ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ကျည်ခွံနှင့်   ၎င်းကျည်ဆန်တို့ကို   တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 
ထိုကဲ့သို့  သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး ၍ တရားဥပဒေနှင့်အညီ  ထိရောက်စွာအရေးယူနိုင်ရေး   လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်