မကွေးပညာ့ရိပ်သာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ

မကွေးပညာ့ရိပ်သာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ

=======================================

 

နေပြည်တော် ဩဂုတ် ၉

 

မြန်မာနိုင်ငံပညာရေးကဏ္ဍ တိုးတက်ရေးတွင် အဓိကဖြစ်သော ဆရာ ၊ ဆရာမ များနှင့် ပညာရေးဝန်ထမ်းများ၏ နေထိုင်မှုအဆင့်အတန်းမြင့်မားပြီး အဆင်ပြေ ချောမွေ့စေရေးအတွက် မကွေးတိုင်းဒေသကြီး မကွေးတက္ကသိုလ်တွင် အကောင် အထည်ဖော်တည်ဆောက်မည့် မကွေးပညာ့ရိပ်သာ ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် မကွေးတက္ကသိုလ်ရှိ မကွေးပညာ့ရိပ်သာ အိမ်ရာဝင်းတည်ဆောက်မည့်နေရာ၌ ကျင်းပသည်။

 

တက်ရောက်

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးဟန်ဇော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလူမှုရေး ဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဦးနှင့် Myanmar Imperial Vega Co.,Ltd. ဥက္ကဋ္ဌ ဦးဝိတ်တို့က ပန္နက် တော်တင်ပေးကြပြီး မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

 

ယနေ့ကျင်းပသည့် မကွေးတက္ကသိုလ်တွင် အကောင်အထည်ဖော် တည်ဆောက်မည့် မကွေးပညာ့ရိပ်သာစီမံကိန်းကို Public Private Partnership (ppp) နည်းလမ်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ ၌ အဆင့်အတန်းမြင့်မားပြီး Facilities ပြည့်စုံစွာပါဝင်သော Living Environment ကောင်းမွန်သည့် မင်းဓမ္မပညာ့ရိပ်သာ၊ လှိုင်ပညာ့ရိပ်သာနှင့် ပါရမီပညာ့ရိပ်သာတို့တွင် အိမ်ခန်းပေါင်း ၁၄၄၀ ခန့်အား အကောင် အထည်ဖော်ဆောင်ရွက်ပြီးနောက် ကျန်ရှိနေသောအိမ်ခန်းများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၃ ခုတွင် ပညာ့ရိပ်သာအိမ်ရာဝင်း ၁၃ ခုဖြင့် ဖြန့်ခွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

 

ပညာ့ရိပ်သာအိမ်ရာဝင်းတစ်ခုတွင် အိမ်ခန်း ၁၆၀ ၊ Community Center တစ်လုံး ၊ Gym အဆောက်အအုံ တစ်လုံး ၊ အိမ်ရာဝင်း၏ Infrastructure တစ်ခုတို့ပါဝင်ပြီး ပညာ့ရိပ်သာအိမ်ရာဝင်း ၁၃ ခုတွင် အိမ်ခန်းပေါင်း ၂၀၈၀ ၊ Community Center ၁၃ လုံး ၊ Gym အဆောက်အအုံ ၁၃ လုံး၊ အိမ်ရာဝင်း၏ Infrastructure ၁၃ ခုနှင့် လိုအပ်သော ပရိဘောဂများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်