
ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ကွက်စာရေးကြီးတစ်ဦး တပ်သတင်းပေးဟု စွပ်စွဲခံရပြီး ခေါင်းကို သေနတ် နဲ့ ပစ်ခံရတယ်ဆိုတဲ့သတင်းတစ်ခုကို လူမှုကွန်ရက် စာမျက်နှာမှာ တွေ့လိုက်ရပါတယ်။ ပို့စ်တင်တဲ့သူ က “ ဒီညနေ စာရေးကြီးရဲ့အမျိုးသမီး ကရင်မကြီး ပြောတာကြားရတော့ စိတ်ထဲမကောင်း၊ လွန်ခဲ့တဲ့ လတွေကတည်းက သူ့ပုံနဲ့ ဒလန်ဆိုပြီး လိုင်းပေါ် တင်နေကြလို့ စိတ်ပူပြီး အလုပ်ထွက်ခိုင်းတာကို တို့မှ ဘာမှမလုပ်ဘဲ မိန်းမရယ်။ နောက်လေးနှစ် ဆို ပင်စင်ယူရတော့မှာ၊ ပင်စင်မယူခင် ဝန်ထမ်း အိမ်ရာက ဖယ်ပေးနိုင်ဖို့ အိမ်ငှားခလေး စုရဦးမယ် ဆိုပြီး အလုပ်ဆက်ဆင်းနေတာ၊ ခုတော့ သူစုထား တာလေးနဲ့ သူ့အတွက် ဘုန်းကြီးကျောင်းလည်း လှူမယ်၊ ဘုရားကျောင်းမှာလည်း ဆုတောင်း ပေးမယ်”တဲ့။
“လက်နက်မဲ့ ပြည်သူတစ်ယောက်ကို ပစ်သတ်လိုက်တိုင်း သူ့နောက်မှာ သူ့ကိုမှီခိုနေတဲ့ မိသားစုရှိတယ်ဆိုတာ မမေ့ကြစေချင်ဘူး။ ကိုယ့် အတွက်ကတော့ လူငယ်ကလေးတစ်ယောက် ဆန္ဒပြပွဲမှာ ကျဆုံးသွားလို့ စိတ်ထိခိုက်ခံစားရတဲ့ မိဘကိုလည်း ကိုယ်ချင်းစာသလို ဒလန်ဆိုပြီး အသတ်ခံလိုက်ရတဲ့ လူတစ်ယောက်ရဲ့ဇနီး ဝမ်းနည်းကြေကွဲမှုကိုလည်း ကိုယ်ချင်းစာရပါ တယ်” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ(Share)မျှဝေထားတဲ့ပို့စ်တစ်ခုကို အမှတ်မထင်ဖတ်လိုက် မိပါတယ်။
ဘဝရပ်တည်ရှင်သန်ဖို့
ကိုယ်တိုင်လည်း ဇနီးသည်တစ်ဦးမို့ အိမ်ထောင်တစ်ခုမှာ အဓိကဝင်ငွေရှာပေးနေတဲ့ အိမ်ထောင်ဦးစီးခင်ပွန်းဆုံးရှုံးမှုကို တကယ်ပဲ ကိုယ်ချင်းစာနာမိပါတယ်။ သားသမီးတွေအတွက် စိတ်ဓာတ်ကျလဲပြိုနေလို့မဖြစ်လို့ အားတင်း နေရပေမယ့် ဆက်လက်ပြီး ဘဝရပ်တည်ရှင်သန် ဖို့ ခွန်အားမဲ့နေမယ်ဆိုတာ နားလည်ပါတယ်။
လူတစ်ယောက် အသက်ရှင်နေထိုင်ဖို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးမှာ နေ့စေ့ကံကုန်လို့ သေဆုံးရခြင်းမဟုတ် ဘဲ တစ်စုံတစ်ခုသောပယောဂကြောင့် အသက် ဆုံးရှုံးရခြင်းဖြစ်တဲ့အတွက်လည်း ဖြေမဆည်နိုင် စရာဖြစ်ပါတယ်။ ရောဂါတစ်ခုခုကပ်ငြိလို့ လက်လွှတ်လိုက်ရတယ်ဆိုရင်တောင်မှ ပြုစုကုသ ခွင့်ရလိုက်လို့ ဖြေသာချင် ဖြေသာနိုင်ပါတယ်။ အခုက စွပ်စွဲသလိုလည်းမဟုတ်၊ ထင်ရာမြင်ရာကို လိုရာဆွဲ ကောက်ချက်ချပြီး တစ်ဖက်သတ်အမိန့်ချ စီရင်လိုက်ခြင်းဖြစ်ပါတယ်။
မိသားစုတစ်ခုအတွက် မိသားစုဝင်တစ်ဦး ဆုံးရှုံးခြင်းက ဘဝတစ်သက်တာမှာ ပြန်လည် အစားထိုးလို့မရတဲ့ ကွက်လပ်တစ်ခုဖြစ်ပါတယ်။ ဒီလိုမိသားစုတွေ ဘယ်လောက်များနေပြီလဲ။ ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီလ နောက်ပိုင်းက စတင်လာတာဖြစ်ပါတယ်။ သူလျှို၊ ဒလန်၊ သတင်းပေးစသဖြင့် အမျိုးမျိုးခေါင်းစဉ်တပ်ကြ ပါတယ်။ ငယ်ရွယ်သူမို့ မချန်သလို အသက်အရွယ် ကြီးသူ မိဘအရွယ်မို့လည်း မချန်ပါဘူး။ လူကြီး၊ လူလတ် အသက်အရွယ်မရွေးကို စီရင်ဆုံးဖြတ် ရိုင်းစိုင်းရက်စက်နေကြတာ ဖြစ်ပါတယ်။
ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်
ကိုဗစ် - ၁၉ ကပ်ရောဂါကြီး ဖိစီးနှိပ်စက်နေတဲ့ အခုလိုအချိန်မှာတောင် ကင်းလွတ်ခွင့်၊ ချမ်းသာ မပေးကြပါဘူး။ ဒီရောဂါဆိုးကြီးကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသော ထွက်ပေါက်က ကာကွယ်ဆေးထိုးနှံခွင့်ရရှိရေးဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကို နိုင်ငံတိုင်း၊ အစိုးရတိုင်းက အင်တိုက်အားတိုက်ဆောင်ရွက် နေကြပြီး ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်း ပါဝင်နေကြတာဖြစ်ပါတယ်။
ကာကွယ်ဆေးလွှမ်းခြုံမှု များတဲ့နိုင်ငံတွေက ကိုဗစ် - ၁၉ ကြောင့် ရောဂါပြင်းထန်မှု၊ အသက် ဆုံးရှုံးရမှုတွေကို အတိုင်းအတာတစ်ခုအထိ လျှော့ချ နိုင်တာလည်း အထင်အရှားပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်း အရှိန် အဟုန်နဲ့ ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အချိန်တိုတိုအတွင်း လူဦးရေတော်တော်များများ ထိုးနှံခွင့်ရရှိဖို့၊ ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု အားကောင်းလာဖို့ဆိုတာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အင်အားနဲ့တင် မဖြစ်နိုင်ပါဘူး။
ဒါကြောင့် တတ်ကျွမ်းနားလည်သူတွေကို တစ်ထောင့်တစ်နေရာက ဝိုင်းဝန်းကူညီကြဖို့ကို လည်း နိုင်ငံတော်အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်နေပါတယ်။ ဒီလိုလိုအပ်ချက်တွေ ကို သိမြင်နားလည်တဲ့ ပြည်သူတွေ၊ လူငယ်တွေက ပူးပေါင်းပါဝင်ကြတာကိုလည်း အားတက်ဖွယ် တွေ့မြင်ရပါတယ်။
ဒါပေမဲ့ မင်းသားမလုပ်ရရင် ပတ်မကြီး ထိုးဖောက်လိုတဲ့ လူတစ်စုက ကာကွယ်ဆေးထိုး စုရပ်တွေမှာ ဗုံးထောင်ပါတယ်။ အမိအဘ၊ အဘိုး အဘွားတွေ၊ ပြည်သူတွေ ကာကွယ်ဆေးထိုးနှံရေးမှာ ကိုယ်ကျိုးစီးပွားမပါဘဲ ကူညီပေးနေတဲ့ စေတနာ လုပ်အားရှင်တွေကို သွေးထွက်သံယို အနာတရ ဖြစ်အောင် အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်ကြတာကို တွေ့မြင်နေရပါတယ်။
မေးခွန်းထုတ်ချင်မိ
ဒါ့အပြင် ပြည်သူတွေ ယုံကြည်မှုကင်းမဲ့အောင်၊ ကာကွယ်ဆေးမထိုးကြဖို့ မဟုတ်မမှန်သတင်းတွေ ကို ဖြန့်ပါတယ်။ ဒီလို လုပ်ဆောင်နေတာ ခေတ်ပညာ တတ်တွေ၊ ကျန်းမာရေးအသိပညာ မြင့်မားသူတွေ တောင် ပါဝင်နေတယ်ဆိုတာကိုလည်း အံ့ဩဖွယ် တွေ့မြင်ရပါတယ်။ ဘယ်လိုစိတ်ဓာတ်တွေနဲ့ ဒီလောက်တောင် ရက်စက်နိုင်ကြတာလဲလို့ မေးခွန်း ထုတ်ချင်မိပါတယ်။
လူတစ်ယောက်သေသွားလို့ ဝမ်းသာတဲ့စိတ်၊ သူတစ်ပါးမိသားစုပြိုကွဲလို့ ဝမ်းသာသွားတဲ့စိတ်၊ သူတစ်ပါးစီးပွားကျလို့ ဝမ်းမြောက်သွားတဲ့စိတ်၊ သူတစ်ပါး ဒုက္ခရောက်လို့ ကျိတ်ပြီး ကျေနပ်နေတဲ့စိတ် ဒီဖျတ်ခနဲ ဖျတ်ခနဲ စိတ်လေးတွေဟာ တွေးနေစဉ် အချိန်လေးအတွင်းမှာပဲ ရုပ်က ကုဋေငါးထောင် ရှစ်ရာ့ရှစ်ဆယ်၊ နာမ်ကကုဋေတစ်သိန်းကျော် ဖြစ်ပျက်သွားတာနဲ့ ညီမျှတဲ့ အကုသိုလ်ကံအစွမ်းသတ္တိ ကတော့ ကျန်ရစ်ခဲ့ပါတယ်။ မကောင်းကံပြုသူသည် မကောင်းမှုအကျိုးပေးမှာ ဖြစ်ပါတယ်။
အကုသိုလ်စေတနာဇောက ကြီးရင် ကြီး သလောက် ပြန်လည်အကျိုးခံစားရမှာဖြစ်ပြီး လူဆင်းရဲဘဝနဲ့ လင်မယားကွဲ၊ သားကွဲမယားကွဲ ဘဝဆိုးနဲ့ ဒုက္ခရောက်၊ အသက်တိုရတဲ့ ဘဝပေါင်း များစွာကို တွန်းပို့လိုက်တတ်ပါတယ်လို့ ကျေးဇူး တော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး မိန့်ဆိုခဲ့တာကို အမှတ်ရမိပါတယ်။
ကံဆိုတာ အလုပ်ဖြစ်ပါတယ်။ ကိုယ်ဖြင့် ပြုလုပ်ခြင်း (ကာယကံ)၊ နှုတ်ဖြင့်ပြုလုပ်ခြင်း (ဝစီကံ)၊ စိတ်ဖြင့်ပြုလုပ်ခြင်း (မနောကံ) ဒီကံ သုံးပါးဟာ စေ့ဆော်မှုစိတ်အစဉ် (စေတနာ) ကို အရင်းခံပြီး ဖြစ်ပေါ်လာရတဲ့အတွက် စေတနာကို ကံလို့လည်း ခေါ်ဆိုလို့ရပါတယ်။ ဒါကြောင့် စေတနာကောင်းရင် ကံကောင်းကြမှာ ဖြစ်ပါတယ်။
လောကမှာ လူအပါအဝင် သတ္တဝါဟူသမျှ တို့မှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဖြစ်ပါတယ်။ သတ္တဝါတို့ ဘဝသံသရာကျင်လည်ရာမှာ လူဖြစ် ရခြင်း၊ နတ်ဖြစ်ရခြင်း၊ တိရစ္ဆာန်ဖြစ်ရခြင်း စသဖြင့် ဘဝအမျိုးမျိုးရောက်ရခြင်းဟာ မိမိတို့ပြုလုပ်ခဲ့တဲ့ ကံတရားကြောင့် ဖြစ်ပါတယ်။ ကံအစွမ်းကြောင့် အချို့သူတွေက ရှင်ဘုရင်၊ သူဌေး၊ သူကြွယ်၊ အချို့ က လူမွဲ၊ လူဆင်းရဲ ဖြစ်ကြရပါတယ်။ ကံသည် ဆင်းရဲ၊ ချမ်းသာ၊ အယုတ်၊ အလတ်၊ အမြတ် ကွဲပြား အောင်၊ လူမှုဘဝအဆင့်အတန်းတွေကို စီမံဖန်တီး ပေးတတ်ပြီး လူတိုင်းဟာ ကံအလျောက် မိမိနဲ့ ထိုက်တန်တဲ့ဘဝတွေကို ရရှိကြတာဖြစ်ပါတယ်။
မိမိတို့ မိုက်ပြစ်ကို မိမိတို့သာ ခံကြရမှာဖြစ်
သတ္တဝါမှန်သမျှသည် မိမိတို့ပြုလုပ်တဲ့ ကောင်းမှုကံ၊ မကောင်းမှုကံအရ ခံကြရ၊ စံကြရတာ ဖြစ်ပါတယ်။ ကောင်းမှုကံကြောင့် ကောင်းကျိုး ခံစားရမှာဖြစ်ပြီး မကောင်းမှုကံကြောင့် မကောင်းကျိုးအတိုင်း ပေးဆပ်ရတာဖြစ်ပါတယ်။ ကောင်းမှု၊ မကောင်းမှုကံတို့ရဲ့ သဘောက ရှေးဘဝ ကပြုခဲ့တဲ့ကံကြောင့် ယခုဘဝမှာ အကျိုးတရားကို ခံစားရနိုင်သလို၊ ယခုဘဝပြုလုပ်လိုက်တဲ့ ကံကြောင့် နောက်ဘဝမခြားဘဲ ယခုဘဝမှာပင် ချက်ချင်းအကျိုးပေး ခံစားရနိုင်ပါတယ်။ ဒီလို ကံ အကျိုးပေးမှုကို ဘယ်တန်ခိုးရှင်ကမှ ပြုပြင်ဖန်တီး ပေးလို့၊ ကိုယ်စားခံပေးလို့ မရပါဘူး။ မိမိတို့ မိုက်ပြစ်ကို မိမိတို့သာ ခံကြရမှာဖြစ်ပါတယ်။
“သေရွာကာလ၊ ရောက်ကြသောအခါ
ကိုယ့်နောက်ကိုကား ဘာများပါမှာ
ပစ္စည်းစုစု တစ်ခုမပါ
ကိုယ်ပြုထား ကံများပါမည်သာ” လို့ မကောင်းကံတွေ မပြုမိဖို့၊ သတိသံဝေဂရကြစေဖို့ ကံနဲ့ပတ်သက်ပြီး စပ်ဆိုဆုံးမထားပါတယ်။
ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းအားဖြင့် လူ့လောကမှာ နေ့စဉ်ကြုံတွေ့ရနိုင်တဲ့ အမျက် ထွက်မှုဒေါသ၊ ထောင်လွှားမှု မာန၊ မနာလိုဖြစ်မှု ဣဿာ၊ ဝန်တိုမှု မစ္ဆရိယတို့ကို အသင့်အတင့်နှလုံး သွင်းနိုင်ခြင်း ယောနိသောမနသိကာရ လက်ကိုင် ထားကာ တစ်ဦးကိုတစ်ဦး ရန်ပြုတိုက်ခိုက်လိုခြင်း၊ ဆင်းရဲလိုခြင်း မကောင်းကံစေတနာတို့ကို ဖယ်ရှား နိုင်ကြပါစေ။ မကောင်းမှုရှောင်၊ ကောင်းမှု ဆောင် ဖြူအောင်စိတ်ကိုထားဟူသော မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့အညီ ကောင်းသောစိတ်ထားများ မွေးမြူနိုင်ကြပါစေ။ ။
နွယ်လင်
- Log in to post comments