မကြားလို လက်မခံလိုကြတော့ပြီ ...

Type
1

 

ကိုရင်မောင်
 

သတင်းဟူသည် လူတို့အတွက် အာဟာရတစ်မျိုးဖြစ်သည်။ သတင်းစာပညာအရ ကောင်းကျိုးလည်း သတင်း၊ ဆိုးပြစ်လည်း သတင်းဟု ဆိုသည်။ လူတို့၏ သဘာဝအရ ကောင်းသတင်းလည်းသိလို၊ မကောင်းသတင်းလည်း သိလိုကြသည်။ ကောင်းသတင်း အသိသည် လူတို့၏ ဦးနှောက်အသိဉာဏ်၊ တီထွင်ဖန်တီးဉာဏ်၊ ပညာဉာဏ်၊ ပိုင်းခြားချင့်ချိန်ဉာဏ်၊ အမြော်အမြင်ဉာဏ်တို့၏ အားတိုးဆေးဖြစ်သည်။ မကောင်းသတင်းအသိသည် ဆန့််ကျင်ဘက်အားများ ဖြစ်စေသည်။


ဘက်လိုက်မှုရှိ


ယင်းစွမ်းအားနှစ်မျိုးအနက်   တစ်မျိုးမျိုးကို မီဒီယာများက အသုံးပြုနေကြသည်။    မီဒီယာ စွမ်းအားသည် အင်အားကြီးမားလှသည်။   မီဒီယာ လောကတွင် လွတ်လပ်စွာရေးသားခွင့်   (Freedom of Press) နှင့်    လွတ်လပ်သော   စာနယ်ဇင်း (Independent Press) တို့သည်  အဓိပ္ပာယ်မတူပေ။ လွတ်လပ်စွာရေးသားခွင့်ဆိုသည်မှာ စာနယ်ဇင်း ဆရာတို့သည် ချုပ်ချယ်မှုမရှိဘဲ  မိမိတို့ယုံကြည်ချက် အတိုင်း လွတ်လပ်စွာ ရေးသားခွင့်ကို   ဆိုလိုသည်။ လွတ်လပ်သောစာနယ်ဇင်းဆိုသည်မှာ သာမန်အား ဖြင့် အစိုးရပိုင်မဟုတ်သော  ပုဂ္ဂလိကပိုင်စာနယ်ဇင်း ဟု ဆိုသည်။ ပုဂ္ဂလိကပိုင်စာနယ်ဇင်းမှာ  လွတ်လပ် သည်  ဆိုသော်လည်း   အတိုင်းအတာသည်    ပိုင်ရှင် ပေါ်တွင်  မူတည်ပြန်သည်။  ပိုင်ရှင်၏ မူဝါဒအတိုင်း ဘက်လိုက်မှုအနည်းအများ  ရှိတတ်သည်။


မီဒီယာလက်နက်


အမှန်တကယ်တွင်  လွတ်လပ်သောစာနယ်ဇင်း သည်  ဝါသနာလည်းပါ၊   ပါတီနိုင်ငံရေးနှင့်လည်း ကင်း၊ လူထုအား   အသိပညာပေးရန်၊    ပြုပြင်ရန် အားသန်ပြီး   ဥပဒေပြုရေး၊    တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်များ မတိမ်းစောင်းရလေအောင် ထိန်းကျောင်းပေးရန် ဦးတည်ပေးသော  ပုဂ္ဂလိကပိုင် စာနယ်ဇင်းများကို လွတ်လပ်သော စာနယ်ဇင်း ဟု ခေါ်ဆိုနိုင်သည်။ သို့သော် လွတ်လပ်သည့်စာနယ်ဇင်း ဟုဆိုသော အနောက်မီဒီယာများသည်   အနောက် ကမ္ဘာမှ   စတင်မြစ်ဖျားခံစဉ်ကတည်းက   ပိုင်ရှင် ဖြစ်သည့်နိုင်ငံ၏ နိုင်ငံရေးမူဝါဒအရ   ဘက်လိုက်မှု များ၊ နိုင်ငံရေး သွတ်သွင်းမှုများရှိခဲ့သည်။  မီဒီယာကို လက်နက်သဖွယ် အသုံးချမှုများ  ရှိသည်။


မီးလောင်ရာလေပင့်


မှတ်မိပါသေးသည်။ လွန်ခဲ့သည့်   အနှစ် ၃၀ ကျော်၊ ဆိုရှယ်လစ်ခေတ်၊ ၁၉၈၈ ခုနှစ်    မတိုင်မီ ကာလက ပြည်သူများကြားတွင် သတင်းသိပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် မရရှိခဲ့ကြပေ။ နိုင်ငံပိုင်ရေဒီယို၊ ရုပ်မြင်သံကြား၊    သတင်းစာများရှိသော်လည်း ပြည်သူများကြား သတင်းသိပိုင်ခွင့်ကို ပြည်ပအခြေ စိုက် BBC ၊ VOA ၊ RFA  စသည့်   သတင်းဌာနများ၏ ထုတ်လွှင့်မှုများက လွှမ်းမိုးခဲ့သည်။  ဆိုရှယ်လစ်စနစ် တိုင်းပြည်တွင်  အဘက်ဘက်၌      အကျပ်အတည်း ဖြစ်နေချိန်တွင်           အနောက်မီဒီယာများ၏  မီးလောင်ရာ လေပင့်ပေးမှုကြောင့်       လူထုအုံကြွမှု ဖြစ်ပေါ်လာပြီး ပြည်ထောင်စုကြီး  ပြိုကွဲတော့မည် အထိ  ဖြစ်ခဲ့ရသည်။


တိုင်းပြည်၏ ကံကြမ္မာကို  ပြောင်းလဲသွားစေနိုင် အောင် အနောက်မီဒီယာသမားများက   တွန်းအား ပေးနိုင်ခဲ့သည်။ မျက်မှောက်ကာလတွင်လည်း  နိုင်ငံ တစ်နိုင်ငံ၏    ကံကြမ္မာကို   ပြောင်းလဲသွားအောင် ကြိုးစားအားထုတ်နေကြသည့်  အနောက်သတင်း သမားများ၊ အနောက်သတင်းဌာနများ ရှိနေဆဲဖြစ် သည်။ အနောက်ကမ္ဘာမှ  မီဒီယာအရှုပ်တော်ပုံများ ကို ဖွင့်ထုတ်ပြမည်ဆိုပါက မဆုံးနိုင်အောင်ရှိသည်။ ဘော့ဝုဒ်ဝါဒန်နှင့်          ကားဘာနက်စတိန်းတို့က ဝါးတားဂိတ်အရှုပ်တော်ပုံကို   ဖွင့်ချခဲ့သောကြောင့် အစိုးရအပေါ်  ပြည်သူတို့  အမြင်မရှင်းဖြစ်ခဲ့သည်။ စီအင်န်အင်န်သတင်းကို ၂၄ နာရီအစီအစဉ်  စလိုက် သဖြင့်    ပြည်သူများအပေါ်   လွှမ်းမိုးနိုင်ခဲ့သည်။ အယ်လ်ဂျာဇီးယားသတင်း တင်ဆက်မှုတွင် ထင်မြင် သုံးသပ်ချက်များကြောင့်      အာဏာပိုင်များ သက်တမ်းကုန်ခဲ့သည်။ တွစ်တာနှင့် ဖေ့ဘွတ်ခ်ကဲ့ သို့ လူမှုကွန်ရက်များက လူအများကို ဖမ်းစားနိုင် သောကြောင့် အာရပ်နွေဦးကဲ့သို့   လူထုအုံကြွမှုကို  ဖန်တီးပေးနိုင်ခဲ့သည်။ 


ဂယက်ရိုက်ခတ်


အနောက်မီဒီယာများ၏    စွမ်းပကားများမှာ ရာဇဝင်နှင့်ချီ၍ ကြီးမားခဲ့သည်။ မျက်မှောက်ကာလ တွင်လည်း ဆိုဖွယ်ရာမရှိပြီ။  ၎င်းတို့အသိုင်းအဝိုင်း များ၏ကောင်းကြောင်းများကို ထုတ်ဖော်တင်ပြ ကြပြီး အားနည်းချက်များကို ဖုံးဖုံးဖိဖိတင်ပြတတ် သည်။   ဘက်လိုက်သည့်    တင်ဆက်မှုများကို အမျိုးမျိုးအဖုံဖုံတင်ပြကြသည်။   လော့စ်အိန်ဂျယ် လိစ်တိုင်းသတင်းစာ အဆိုအရ ၎င်းတို့၏ တင်ဆက် မှုများသည် မူဝါဒမတူသော  နိုင်ငံများကို   ဆန့်ကျင် ပုတ်ခတ်ရုံမျှမက အဆိုပါနိုင်ငံများ၏  ပြည်သူများ ကိုပါ ထိခိုက်စေသည်ဟု   ဆိုထားသည်။    ကမ္ဘာ့ အင်အားကြီး    အမေရိကန်နှင့်   တရုတ်နိုင်ငံတို့၏ အင်အားပြိုင်ဆိုင်မှုများမှ ဖြစ်ပေါ်လာသည့်  မီဒီယာ စီးကြောင်းတွင်   အာရှဒေသအတွင်းမှ   သီးခြား ရပ်တည်နေသည့်  နိုင်ငံများကိုပါ   ဂယက်ရိုက်ခတ် ခဲ့သည်။ 


အနောက်ကမ္ဘာမှ    မီဒီယာများ၏     သတင်း တင်ဆက်မှုသည် နိုင်ငံအများအပေါ် လွှမ်းမိုးခဲ့သည်။ တရုတ်နိုင်ငံ၏ အဖြစ်အပျက်များကို မနှစ်မြို့ဖွယ်ရာ အဖြစ်ဖော်ပြကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေအနေ ကို သနားစရာနိုင်ငံအဖြစ်    နှိမ့်ချဖော်ပြကြသည်။ အာဖရိကတိုက်သားများကို       အများအမြင်တွင် စားစရာ၊  သောက်စရာ၊   နေစရာမရှိ    ဆင်းရဲမွဲတေ ကြသည့်   ပုံစံဖော်ပြကြပြီး   အနောက်နိုင်ငံများ၏ အကူအညီ    လိုအပ်နေကြောင်း      ဖော်ပြကြသည်။ အမှန်တကယ်တွင်     မြေပြင်အခြေအနေများမှာ တင်ပြခဲ့သည့် အခြေအနေများနှင့်     ကွဲလွဲနေပြီး အမေရိကနှင့်ဥရောပတွင် အိမ်ခြေရာခြေမဲ့ဆင်းရဲ မွဲတေနေသည့်အဖြစ်များကိုမူ မရှိသလို ဖျောက်ဖျက် ထားပြီး ဖော်ပြခြင်းလည်းမရှိကြပေ။


အမြင်မှား အတွေးမှား


ဩဂုတ်လ ၁၉ ရက်က  တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်ဂ်မြို့၌ (၆) ကြိမ်မြောက်   BRICS မီဒီယာဖိုရမ်ကို ကျင်းပခဲ့သည်။ ဖိုရမ်သို့ နိုင်ငံပေါင်း ၃၀ မှ မီဒီယာ ကိုယ်စားလှယ် ၂၀၀ ကျော်တက်ရောက် ကြပြီး  အနောက်မီဒီယာများ၏    ဝါဒဖြန့်မှုများနှင့် သာတူညီမျှ ဘက်မလိုက်သည့်   အနာဂတ်ဖြစ်စေရေး ကြုံတွေ့နေရသည့် မီဒီယာစိန်ခေါ်မှုများကို ဖြေရှင်း နိုင်ရန် ဆွေးနွေးခဲ့ကြသည်။   အနောက်မီဒီယာများ သည် အထူးသဖြင့်   ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် မမှန်မကန်သတင်းများနှင့်   ပုံကြီးချဲ့ကားသတင်း များကို အချိန်ကာလရှည်ကြာစွာ   ထုတ်လွှင့်ဖော်ပြ နေသည်။  ၎င်းတို့၏ သမာသမတ်မရှိ    တစ်ဖက် စောင်းနင်းဖော်ပြသည့်သုံးသပ်ချက်များ၊ အကြောင်း အချက်များသည် ပြည်သူများအား   အမြင်မှား၊ အတွေးမှားဖြစ်စေသည်။   ထိုသို့ဆောင်ရွက်မှုများ ကြောင့် နိုင်ငံငယ်များ၏ တိုးတက်မှုနှင့်    အလား အလာကောင်းများကို     ပိတ်ပင်တားဆီးသကဲ့သို့ အဟန့်အတားများ ဖြစ်စေသည်၊  အနောက်အုပ်စု မီဒီယာအဖွဲ့အစည်းများက   ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပေါများကြွယ်ဝသည့် ယဉ်ကျေးမှုတို့ကို  သေးသိမ် အောင် ပြုလုပ်လေ့ရှိသည်၊     ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အောင်မြင်ဖြစ်ထွန်းမှုများကို     မျက်ကွယ်ပြုပြီး နှစ်ပေါင်းရှည်ကြာစွာ ဖြစ်တည်နေသည့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကောင်းများကို ပုံဖျက်ဖော်ပြတတ် သည်။  အာဖရိကနိုင်ငံများ၏    မတူကွဲပြားသည့် ယဉ်ကျေးမှုအစဉ်အလာများ၊  ဘာသာစကားများ၏ လေးနက်မှုများကို ဖော်ပြခြင်းမရှိဘဲ  ရှုထောင့်တစ်ခု အမြင်တစ်ခုဖြင့် ဖော်ပြကြသည်။    ဖွံ့ဖြိုးဆဲနိုင်ငံများ သည် တီထွင်ဆန်းသစ်  နိုင်စွမ်းမရှိဘဲ  အနောက်နိုင်ငံများကိုသာ    မှီခို အားကိုးနေရသည့်အဖြစ် ပုံဖော်နေသည်။   နိုင်ငံငယ် များ၏ ကြိုးပမ်းအားထုတ်မှုကို မှေးမှိန်ဖျောက်ဖျက် နေသည်  စသဖြင့်  ဆွေးနွေးခဲ့ကြသည်။


တစ်ဖက်သတ်ပုံဖျက်


သာဓကအားဖြင့် အိန္ဒိယနိုင်ငံ၏  အာကာသခရီး စူးစမ်းလေ့လာမှု အောင်မြင်မှုရလာသည်ကို  အိန္ဒိယ နိုင်ငံသားများသာမက      အခြားနိုင်ငံသားများက ဝမ်းမြောက်ဝမ်းသာဖြစ်နေမှုများအား  တခမ်းတနား ဖော်ပြနေကြသည့်အချိန်တွင်     အနောက်နိုင်ငံ မီဒီယာများက  ဖော်ပြနေသည့်    အခြေအနေများ၊  အလားတူ  တရုတ်နိုင်ငံ၏  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ       တိုးတက်ဖြစ်ထွန်းမှုများ၊ တောင်အာဖရိကနိုင်ငံ၏   ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ    အစီအစဉ်များ၊    ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူသားချင်း  စာနာထောက်ထားမှု စွမ်းဆောင်မှုများ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး  ဆောင်ရွက်ချက်များ၊ ပညာရေး၊ ကျန်းမာရေး၊  လူထုအကျိုးပြုဆောင်ရွက် ချက်များ စသည့် သတင်းကောင်းများကို ဖုံးကွယ်ပြီး ပဋိပက္ခ စသည့် မကောင်းသတင်းများကို     အသား ပေးဖော်ပြနေသည့်  ၎င်းတို့  နိုင်ငံရေးမူဝါဒအတိုင်း တစ်ဖက်သတ် ပုံဖျက်ဖော်ပြနေသော  အခြေအနေ များကို  ဖွင့်ထုတ်ခဲ့ကြသည်။


ကိုယ်ပိုင်စဉ်းစားဉာဏ်


ဖွံ့ဖြိုးဆဲနိုင်ငံများ၏  အောင်မြင်ဖြစ်ထွန်းမှု များကို ဖုံးကွယ်ပြီး အနုတ်လက္ခဏာဆောင်သည့်   သတင်းများကိုသာ   စွဲစွဲမြဲမြဲအသားပေးဖော်ပြနေသည်မှာ ကျင့်ဝတ်သိက္ခာ မစောင့်စည်းဘဲ   အင်အား ကြီးနိုင်ငံကြီးများ၏အလိုကျ       ဘက်လိုက် ဆောင်ရွက်နေခြင်းသာဖြစ်သည်။   ယခုကျင်းပခဲ့ သည့်  မီဒီယာဖိုရမ်မှ ပေါ်ထွက်လာသည့် စုပေါင်း ထုတ်ဖော် ဆောင်ရွက်မှုများသည် ဖျက်လိုဖျက်ဆီး  ရည်ရွယ်ချက်များဖြင့်  မီဒီယာကို  အသုံးချပြီး     ကြိုးကိုင်ဆောင်ရွက်နေမှုများကို  တွန်းလှန်ဖယ်ရှား နိုင်ရေးခြေလှမ်းဖြစ်သည်။ မီဒီယာကို   လက်နက် သဖွယ်    အသုံးချနေသည့် အန္တရာယ်များကို ရင်ဆိုင် ကျော်လွှားနိုင်ရန် ယခုကဲ့သို့ တစ်စုတည်း၊ တစ်သံ တည်း  ထုတ်ဖော်ပြောဆိုသည့်   ဖိုရမ်မှတစ်ဆင့်  ဖွံ့ဖြိုးဆဲနိုင်ငံများရှိ  မီဒီယာများ ပြန်လည်တုံ့ပြန်နိုင်ရန်အင်အားများ   ဖြစ်စေသည်။ အဆိုပါ မီဒီယာ ဖိုရမ်တွင် အဖွဲ့ဝင်မီဒီယာများအနေဖြင့်  မိမိနိုင်ငံတိုးတက်ဖြစ်ထွန်းမှုများအပေါ်  အာရုံစိုက်လုပ်ကိုင် ကြခြင်းဖြင့်       အနောက်နိုင်ငံ    မီဒီယာများ၏ လွှမ်းမိုးမှု၊   နှောင့်ယှက်မှုများမှ ကျော်လွှားနိုင်မည်၊  ၎င်းတို့၏      တစ်ဖက်သတ်ဖော်ပြမှုများကြောင့်   ဖုံးကွယ်နေသည့်    ကိုယ်ပိုင်စဉ်းစားဉာဏ်၊  အန်တု ရင်ဆိုင်နိုင်မှုနှင့်      အလားအလာကောင်းများကို  ဖော်ထုတ်နိုင်မည်ဟု  ထုတ်ဖော်ခဲ့ကြသည်။  ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်       မြန်မာနိုင်ငံအပေါ် ထားရှိသည့်   အနောက်မီဒီယာများ၏     မူဝါဒမှာ အစဉ်အဆက် မကောင်းသတင်းများ ထုတ်လွှင့်၍ တိုင်းပြည်ပျက်စီးရေးလုပ်နေသည်ကို  တွေ့ရမည် ဖြစ်သည်။ ကောင်းသတင်းဆိုလျှင်လည်း သေးသိမ် အောင်၊   ပုံပျက်အောင်    ပြောင်းပြန်လှန်မှောက် လုပ်ကြပြီး ယခုအခါ ယခင်ကထက်ပို၍ ပိုမိုအခြေ အနေဆိုးရွားအောင်    တင်ပြနေသည်ကို    တွေ့ရ မည်ဖြစ်သည်။ အနောက်နိုင်ငံကြီးများ၏ မူဝါဒ၊ အလိုကျ တစ်ထပ်တည်းကျ လုပ်ဆောင်လျက်ရှိရာ ဒီမိုကရေစီတန်ဖိုးထားသော၊    လွတ်လပ်သော စာနယ်ဇင်း မူဝါဒ၊   စာနယ်ဇင်းကျင့်ဝတ်တို့နှင့် မညီသည့် အဖျက်မီဒီယာများဟု ဆိုရမလိုဖြစ်သည်။ 


အတင်းနှင့်အဖျင်း


ပြည်ပနိုင်ငံအခြေစိုက်   လက်ဝေခံ၊   အလှူခံ၊ အထောက်ပံ့ခံ မြန်မာဘာသာအစီအစဉ် အမှုထမ်း များသည်   မြန်မာနိုင်ငံသားများပင်    ဖြစ်သည်။ မြန်မာအချင်းချင်း မြန်မာနိုင်ငံအပေါ်၊ မြန်မာနိုင်ငံ သားများအပေါ် အမနာပ၊ မစားရဝခမန်း   ဖျက်လို ဖျက်ဆီး ပြောဆိုနိုင်ကြသည်မှာ ရှက်ဖွယ်အလိလိ ဖြစ်သည်။ ကိုယ့်မြန်မာနိုင်ငံနှင့်  ကိုယ့်မြန်မာလူမျိုး အပေါ်  မထောက်ထားဘဲ အနောက်နိုင်ငံအလိုကျ သွားပုပ်လေလွင့်၊ အပုပ်ချ အပြစ်တင်ပြောဆိုနေမှု များ၊    တစ်ဆိတ်ကိုတစ်အိတ်၊   အမှန်ကိုအမှား၊ ချဲ့ကားပြောဆိုနေမှုများမှာ    ဩချလောက်စရာ ဖြစ်သည်။   ယင်းနှင့်ပတ်သက်၍    မြန်မာနိုင်ငံ ခေတ်ဆန်းစာပေ၏ ရှေ့ဆောင်လမ်းပြ စာရေးဆရာ၊ သတင်းစာဆရာကြီး သိပ္ပံမောင်ဝ၏  ပြောစကား ကို သတိရမိသည်။ “သတင်းစာဟာ တရားစာမဟုတ် မှန်း လူတိုင်းသိသပေါ့၊    ဒါပေမယ့်   အတင်းတွေ၊ အဖျင်းတွေ ကြားချင်ရင် ငါးစိမ်းတန်းကို သွားမှာပေါ့၊ ပိုက်ဆံတောင် မကုန်ဘူး။ သတင်းစာနဲ့   အဖျင်းစာ ကို မခွဲခြားတတ်တာ သတင်းစာဆရာတွေ  အစား ကျွန်တော်ဖြင့် ရှက်သဗျာ”ဟူ၍ဖြစ်သည်။ 


ရေးသားခြင်းမပြုရ


အနောက်နိုင်ငံများ၏  လက်ဝေခံမီဒီယာများ သည် အနောက်နိုင်ငံများအလိုကျ    မြန်မာနိုင်ငံ သာမက ဝါဒမတူသောနိုင်ငံများ၊ နိုင်ငံငယ်များကိုပါ ပျက်စီးရာပျက်စီးကြောင်းကို    တစိုက်မတ်မတ် ပြုလုပ်နေကြ၊ ပြုလုပ်နေဆဲဖြစ်သည်။  သတင်းစာ ကျင့်ဝတ်နှင့်ပတ်သက်၍   သတင်းစာဆရာကြီး ဂါးဒီးယန်ဦးစိန်ဝင်း ပြောကြားခဲ့သည့်    “သတင်း စာဆရာတို့သည်   အစိုးရနှင့် တိုင်းပြည်ကို ခွဲခြား နားလည်ထားဖို့လိုသည်။         အစိုးရဆိုသည်မှာ လူပုဂ္ဂိုလ်များဖြစ်၍ အစဉ်ပြောင်းလဲလျက်ရှိသည်။ တိုင်းပြည်ကား      အစဉ်တည်တံ့လျက်ရှိသည်။ တိုင်းပြည်နှင့်လူထု  အကျိုးမဲ့စေမည့်   ကိစ္စမျိုး မည်သည့်အခါမျှ ရေးသားခြင်းမပြုရ။   အုပ်ချုပ် သောအစိုးရကို   ကြောက်၍သော်လည်းကောင်း၊ ချစ်၍သော်လည်းကောင်း၊ မုန်း၍သော်လည်းကောင်း တိုင်းပြည်နှင့် လူထု  အကျိုးမဲ့မည့်  ကိစ္စများကို ရေးသားခြင်းမပြုရ” ဟူသောစကားသည် သတင်း သမားများ လိုက်နာအပ်သည့်အချက်ဖြစ်သည်။ 


မျက်မှောက်ကာလတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား များသည်  အနောက်မီဒီယာများ၏    အပြုသဘော မဆောင်၊  အကောင်းမမြင်သည့် သဘောထားများကို နားလည်လာကြပြီဖြစ်သည်။       နေ့စဉ်နှင့်အမျှ အနောက်လက်ဝေခံမီဒီယာများ ထုတ်လွှင့်နေသော မကောင်းသတင်း၊ ပုံကြီးချဲ့ကားထားသောသတင်း၊ အမနာပ အတင်းအဖျင်းသတင်း၊    မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အပေါ်    နှိမ်ချချိုးဖျက်ထားသော သတင်း၊    ပျက်စီးရာ    ပျက်စီးကြောင်းသတင်း၊ အနောက်နိုင်ငံနှင့် လက်ဝေခံနိုင်ငံများကို အသား ပေးသောသတင်း၊ အကြမ်းဖက်     အဖျက်သမား အားပေးသောသတင်း၊ မြှောက်ပင့်ပေးသောသတင်း၊ အများပြည်သူထင်ယောင်ထင်မှား  ဖြစ်စေသော သတင်း၊ တွေဝေစေသောသတင်း၊   စိုးရိမ်ပူပန်စေ သော သတင်းများကို မကြားလိုကြတော့၊    လက်မခံ လိုတော့ပါကြောင်း။      ။