မကြာခဏအဆက်မပြတ် သတိပေးလုပ်ကိုင်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးတွင် အခက်အခဲများရင်ဆိုင်ရလျက် ရှိပြီး  ကုန်ထုတ်လုပ်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စား၍ကုန်သည့်ပစ္စည်း၊   သုံး၍ ကုန်သည့်ပစ္စည်း၊ သောက်၍ကုန်သည့်ပစ္စည်း စသည့်စားသောက်သုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနှင့်ပတ်သက်၍  ကန့်သတ်မှုများ  ပြုလုပ်မထားကြောင်း၊  စားရေး သည်အဓိကဖြစ်၍ အခက်အခဲမရှိအောင် လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ individual လုပ်ကိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို အဆက်မပြတ်လုပ်ကိုင်ကြရန် လိုကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့်ပတ်သက်သည့် လိုက်နာရမည့်အသိပေးချက်၊ သတိပေးချက်များကိုလည်း  ပြည်သူများ သိရှိစေရန်၊  လိုက်နာစေရန်  မကြာခဏ ပြောဆိုသတိပေးနေရန်    လိုအပ်မည်ဖြစ်ကြောင်း    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမ အကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

 


လူ့ဘောင်လောကတွင် လူသားများ ရပ်တည်ရှင်သန်နေထိုင်ကြရာ၌ စား၊ ဝတ်၊ နေရေး အရေးသုံးပါးတည်းဟူသော အမှုကိစ္စများအတွက် နိစ္စဓူဝ ဦးတည် လုပ်ကိုင်နေကြရသည်။ ထိုအရေးသုံးပါးတွင် စားရေးသည် ပထမဦးစားပေးဖြစ်၍ စားသောက်ကုန်ပစ္စည်းများ မပြတ်လပ်အောင် မည်သည့်အခြေအနေရောက်ရောက် ကြိုးပမ်းလုပ်ဆောင်နေကြသည်။ ကမ္ဘာလောကတွင် ကပ်ကြီးသုံးပါးကို တစ်မျိုး မဟုတ်တစ်မျိုး   ရင်ဆိုင်ကြုံတွေ့ရသည်။ လက်နက်ဘေး သတ္ထန္တရကပ်ကို ရင်ဆိုင် ကြရပြီး ရောဂါဘေး ရောဂန္တရကပ်ကိုလည်း ရင်ဆိုင်နေကြရသည်။ ထိုဘေးဒုက္ခများ ကြောင့် ငတ်မွတ်ဘေး ဒုဗ္ဘိက္ခန္တရကပ်ကိုလည်း တစ်ဆက်တည်း ကြုံတွေ့နိုင်ကြသည်။ ထို့ကြောင့် ပြည်သူများအတွက်  နေ့စဉ်လိုအပ်နေသော  စားသောက်ကုန်များကို မပြတ်လပ်မရှားပါးအောင် ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်သည်။

 


ယခုအခါ ရောဂန္တရကပ်ဘေးကို ကမ္ဘာပေါ်ရှိပြည်သူအားလုံး ရင်ဆိုင်ကြုံတွေ့ နေရချိန်တွင်  သဘာဝဘေးကိုလည်း ထပ်ဆင့်ကြုံတွေ့နေရသည်ကို ကမ္ဘာ့နိုင်ငံ များတွင် မြင်တွေ့နေရသည်။ မြန်မာနိုင်ငံတွင်လည်း လက်ရှိမိုးရာသီကာလတွင် တစ်နိုင်ငံလုံး  မိုးရွာသွန်းမှုအားကောင်းနေသောကြောင့်   ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံ၊ မြေပြိုမှုများကို ကြိုတင်မြော်တွေး ပြင်ဆင်လုပ်ကိုင်ထားကြရမည် ဖြစ်သည်။  လက်ရှိတွင်     မြန်မာနိုင်ငံတောင်ဘက်ပိုင်း၌   ရေကြီးရေလျှံမှု ဘေးအန္တရာယ်များကို   ရင်ဆိုင်ကြုံတွေ့နေရပြီး     ဆက်လက်၍မိုးရွာသွန်းမှု အားကောင်းလာမှု၊ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာမှုတို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများကို သတိမူထားရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကျရောက်လာ ပါက တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်၍လည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် ဝယ်ယူထားရှိသည့် ပစ္စည်း များကို  လက်တွေ့ကျကျအသုံးချကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မှာကြားသည်။

 


လက်ရှိအချိန်အခါတွင် မြန်မာနိုင်ငံ၌ ကပ်ရောဂါဘေး၊ နိုင်ငံရေးပယောဂဘေး၊ သဘာဝဘေးတို့ကို   ပြည်သူများရင်ဆိုင်ကြုံတွေ့နေကြရသည်။   ပြည်သူများမှာ စားရေး၊ သောက်ရေး၊ ကုန်ပစ္စည်းများအရေးကို  နိစ္စဓူဝ ရှာဖွေလုပ်ကိုင်စားသောက် နေကြရ၍ ကပ်ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်ကြားမှ သတိမမူအားနိုင်ဘဲ လှုပ်ရှား ရုန်းကန်နေကြရသည်။  ထို့ကြောင့်   ဘေးအန္တရာယ်များကို   မကျော်လွှားနိုင်ဘဲ ရင်ဆိုင်ကြုံတွေ့နေရမည့်အရေးကို သတိမူ၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တာဝန် ရှိသူများ၊ တာဝန်သိပြည်သူများက ဘေးအမျိုးမျိုးနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် သတိထားစရာများကို မကြာခဏအသိပေးကြရမည်ဖြစ်သည်။ လူတို့ အနေဖြင့် မိမိတို့၏အရေးကို ဦးစားပေးနေရသဖြင့် သတိထားစရာများကို သတိ မထားမိဘဲ နေထိုင်လုပ်ကိုင်တတ်ကြသဖြင့်  သတိပေးခြင်းကို အစဉ်အမြဲပြုလုပ်နေရ မည်ဖြစ်သည်။

 


တိုးတက်သည့်နိုင်ငံများတွင် ပြည်သူများအကျိုးနှင့် နိုင်ငံစည်းကမ်းသေဝပ်မှု ရှိစေရန်အတွက် သတိပေးလမ်းညွှန်မှုများအား နေရာတိုင်း၌ ပြုလုပ်ထားကြသည်ကို တွေ့ရသည်။   ပြည်သူများအနေဖြင့်လည်းကောင်း၊   ဧည့်သည်များအနေဖြင့် လည်းကောင်း  ထိုသတိပေးလမ်းညွှန်မှုများနှင့်အညီ     ဆောင်ရွက်နိုင်ကြသဖြင့် ဘေးကင်းလုံခြုံချောမွေ့၍ အဆင်ပြေကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် သတိပေးလမ်းညွှန်မှုများရှိသော်လည်း လိုက်နာမှုအားနည်းသည်ကို  တွေ့ရသည်။ စာမတတ်သည့်လူများကဲ့သို့ အမှုမဲ့အမှတ်မဲ့  နေထိုင်ကြသည်။ အမှိုက်မပစ်ရန်၊ ဆေးလိပ်မသောက်ရန်၊ ကွမ်းမစားရန်  လမ်းညွှန်ထားသော်လည်း လိုက်နာရန် ပျက်ကွက်ကြသည်။ ထို့ကြောင့် စာဖြင့်သတိပေးမရလျှင် နှုတ်ဖြင့်သတိပေးကြ ရသည်။ ယခုအခါတွင် ကပ်ရောဂါဘေး၊ သဘာဝဘေးတို့နှင့် ကြုံတွေ့နေရသဖြင့် စာဖြင့်သတိပေးရုံသာမက တာဝန်ရှိ၊ တာဝန်သိသူများက ကိုယ်တိုင်ကွင်းဆင်း သတိပေးခြင်းကို မပြတ်ပြုလုပ်မှ တန်မည်ဖြစ်သည်။

 


သို့ဖြစ်ရာ   ပြည်သူလူထုအန္တရာယ်အမျိုးမျိုးမှ   လျော့နည်းကင်းဝေးစေရေး အတွက် အသိပေးခြင်း၊ သတိပေးခြင်းအမှုကိစ္စများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများက   မအားလပ်သည့်ကြားမှ   အမျိုးသားရေးစိတ်ထားဖြင့် ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် လိုမည်ဖြစ်ပါကြောင်း။    ။