မိုးယွန်းကြီးရေလှောင်ကန် ရေပိုလွှဲတည်ဆောက်ရေးလုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး

သီးနှံအလိုက် ထုတ်လုပ်မှုအရည်အသွေးနှင့် အထွက်နှုန်းအပေါ် သက်ရောက်သည့် စိုက်ပျိုးမှုစနစ်ဆိုင်ရာ အသုံးချသုတေသနများ တိုးမြှင့်ဆောင်ရွက်ကြရန်လိုအပ်
 

 

နေပြည်တော်    ဇန်နဝါရီ    ၂၆


သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင် များနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဟင်းသီး ဟင်းရွက်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟို ဌာန(VFRDC)တွင် ကျင်းပသည်။


တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဟင်းသီးဟင်းရွက် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှု တွင် လိုအပ်လျက်ရှိသည့် အရည်အသွေးပိုမိုကောင်းမွန် သော မျိုးစေ့ပျိုးပင်များ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီနည်းစနစ်များ အသုံးပြု၍   ရာသီအလိုက်၊ ရေမြေဒေသအလိုက်   အရည်အသွေးမြင့်သီးနှံများ ထုတ်လုပ်နိုင်ရေး   ကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ အလားတူ သီးနှံအလိုက် ထုတ်လုပ်မှုအရည် အသွေးနှင့် အထွက်နှုန်းအပေါ် သက်ရောက်သည့် စိုက်ပျိုးမှုစနစ်ဆိုင်ရာ     အသုံးချသုတေသနများ တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဟင်းသီး ဟင်းရွက် သစ်သီးဝလံများသည် အရေးကြီးသော တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်နိုင်သည့် သီးနှံအုပ်စုဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ မတူညီသည့် ရာသီဥတုမျိုးစုံအား အခွင့်အရေးအဖြစ်အသုံးချပြီး သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ကို အခြေခံသော စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေး ထည့်သွင်း သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း၊    မိမိတို့၏ ကျွမ်းကျင်မှုအရ ဆောင်ရွက်ချက်များသည် ထင်သာ မြင်သာရှိသော စွမ်းဆောင်အောင်မြင်မှုဖြစ်စေရေး ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။


ဟင်းသီးဟင်းရွက်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန(VFRDC) အနေဖြင့် မျိုးကောင်း မျိုးသန့် ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် သစ်သီးဝလံ ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များကို သုတေသနပြုဖော်ထုတ်၍    တောင်သူပညာပေး ဆောင်ရွက်ခြင်း၊ သီးနှံထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် GAP နှင့် အော်ဂဲနစ် စံချိန် စံညွှန်းများရေးဆွဲသည့် လုပ်ငန်းများ၊ GAP Guideline ရေးဆွဲသည့်လုပ်ငန်းများနှင့် GAP ထောက်ခံချက် လက်မှတ်ထုတ်ပေးနိုင်ရေး    ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အော်ဂဲနစ်သုတေသနလုပ်ငန်းများနှင့် အော်ဂဲနစ် သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးဇုန်များ ထူထောင်စိုက်ပျိုး ပြသခြင်း၊ GAP နှင့် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်များ ပြန့်ပွားရေး ဆောင်ရွက်လျက်ရှိသကဲ့သို့  ပိုးမွှားရောဂါ ဒဏ်ခံနိုင်သော  ဟင်းသီးဟင်းရွက်မျိုးများ မျိုးပွား မျိုးထိန်းခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သော မျိုးများ စုဆောင်းထားရှိခြင်း၊ သဘာဝမြေဩဇာများ၊ ရွက်ဖျန်း အားဆေးများ၏    အကျိုးသက်ရောက်မှုများအား သီးနှံများတွင်   သုတေသနပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုမှတစ်ဆင့်    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ  မိုးယွန်းကြီး ရေလှောင်ကန် ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်းခွင် ကို ကြည့်ရှုစစ်ဆေးသည်။


မိုးယွန်းကြီးရေလှောင်ကန်သို့ ဇောင်းတူ၊ ကိုဒူကွဲ၊ ရွှေလောင်း၊ စလူ၊ ဝါးကတုတ် ရေလှောင်တမံများမှ   ရေကူဖြည့်တင်းပေးလျက်ရှိသကဲ့သို့ ဆင်စုချောင်း၊ ဘုရားလေးချောင်း၊ ဦးကောက်ချောင်း၊ ရွာသစ်ချောင်း၊ ဝမ်းဘဲအင်းချောင်း၊ ရေတာရှည်ချောင်းနှင့် ပျဉ်ပုံကြီး ချောင်းတို့မှ စီးဝင်ရေများလည်းရှိနေရာ   မိုးယွန်းကြီး ကန်မှ တူးမြောင်းအတွင်းသို့ ရေထုတ်နုတ်ပါက ဝေါနှင့် သနပ်ပင်မြို့များ၏ အနိမ့်ပိုင်းနေရာများတွင်   ရေဝင် ရောက်မှုဖြစ်ပွားလေ့ရှိကြောင်း၊   ယခု   ရေပိုလွှဲ တည်ဆောက်ပြီးစီးပါက     မိုးယွန်းကြီးကန်မှ   ရေထုတ်နုတ်မှုကို  ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဖြစ် ၍ ဝေါနှင့် သနပ်ပင်မြို့များ ရေဝင်နစ်မြုပ်မှုမှ အထိုက် အလျောက် သက်သာစေမည်ဖြစ်ကြောင်း၊ အလားတူ ပဲခူးတိုင်းဒေသကြီးရှိ  ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ် များ၊    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ခရမ်းနှင့် သန်လျင်မြို့နယ်များရှိ နွေစပါးစိုက်ဧရိယာအတွက် ရေပိုမိုပေးဝေနိုင်မည်ဖြစ်၍   နွေစပါးစိုက်ဧကများ တိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်