
ရန်ကုန် နိုဝင်ဘာ ၂၀
ကမ္ဘာ့မြောက်ဝင်ရိုးစွန်းမှ ငှက် မျိုးစိတ်များသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ဆောင်းခိုရာစားကျက် များသို့ လမ်းကြောင်းကိုးကြောင်း မှ ဝင်ရောက်လေ့ရှိပြီး မြန်မာနိုင်ငံ တွင် ဆောင်းရာသီသို့ဝင်ရောက် လာချိန်၌ မိုးယွန်းကြီးဘေးမဲ့အင်း သို့ အာရှဗဟိုလမ်းကြောင်းနှင့် အရှေ့အာရှ ဩစတြေးလျလမ်းကြောင်းတို့မှ ဆောင်းခိုငှက်များ ဝင်ရောက် လျက်ရှိသည်။
မြန်မာပြည်သို့ ဆောင်းခိုငှက်များ အောက်တိုဘာလလယ်တွင် စတင်ဝင်ရောက်၍ ဧပြီလဆန်းတွင် မြောက်ဝင်ရိုးစွန်းသို့ ပြန်လည် ဆုတ်ခွာလေ့ရှိသည်။ ဆောင်းရာသီတွင် မိုးယွန်းကြီးဘေးမဲ့အင်းသို့ ငှက်မျိုးစိတ်ပေါင်း ၃၀ မှ ၄၀ ကြား ဆောင်းခိုလေ့ရှိပြီး ယမန်နှစ်က စင်ယော်မျိုးစိတ်သစ်တစ်ခု ပထမဆုံးဝင်ရောက်မှုကို မှတ်တမ်းတင်ထား ကြောင်း သိရသည်။ ယခုနှစ် အောက်တိုဘာလတွင် မိုးယွန်းကြီးဘေးမဲ့ အင်းသို့ ငှက်မျိုးစိတ် ၁၁ မျိုး ဝင်ရောက်လျက်ရှိပြီး မျိုးသုဉ်းရန်အန္တရာယ် နှင့်နီးကပ်နေသော ငှက်မျိုးစိတ်ဖြစ်သည့် ဂေါဒ်ဝစ်နှုတ်သီးရှည်ငှက်နှင့် အခြားသောငှက်မျိုးစိတ်များလည်း ဆောင်းခိုလျက်ရှိသည်။
အရှေ့အာရှ ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်းမှ ဆိုက်ဘေး ရီးယား၊ အာဖဂန်နစ္စတန်၊ မွန်ဂိုလီးယား၊ ရုရှား၊ တရုတ်နှင့် နိုင်ငံပေါင်း ၁၃ နိုင်ငံကိုဖြတ်သန်း၍ ဆောင်းခိုငှက်များ မြန်မာနိုင်ငံသို့ ဝင်ရောက် လျက်ရှိသည့်နည်းတူ အာရှဗဟို ငှက်ပျံသန်းရာလမ်းကြောင်းမှလည်း နိုင်ငံပေါင်း ၃၀ ကိုဖြတ်သန်းပြီး ငှက်မျိုးစိတ်ပေါင်း ၃၀၇ မျိုးသည် အရှေ့တောင်အာရှနိုင်ငံများသို့ ဝင်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံသို့ ရေပျော်ငှက် မျိုးစိတ် ၁၈၂ မျိုး ဝင်ရောက်လေ့ရှိပြီး ခရုတုတ်ငှက်၊ ရေဘဲ၊ တောဝမ်းဘဲ၊ ရေကြက်၊ ဘဲရစ်ငှက်၊ ဒုန်းငှက်၊ ဒေါင်းလန်းခြေထောက် ငှက်တို့သည် ယမန်နှစ်ဆောင်းရာသီတွင် မိုးယွန်းကြီးဘေးမဲ့အင်းသို့ စောစီးစွာ ဆောင်းခိုဝင်ရောက်ခဲ့သည်။
“မိုးယွန်းကြီးအင်းနဲ့ ပတ်ဝန်းကျင် ရေဝပ်ဒေသတွေကို နှစ်စဉ် ဆောင်းခိုငှက်တွေ ဝင်ရောက်လေ့ရှိပါတယ်။ ငှက်ပျံသန်းရာ ကမ္ဘာ့ လမ်းကြောင်းကြီးနှစ်ခုကနေ ဝင်ရောက်နေတာပါ။ မြန်မာနိုင်ငံမှာ အစာရေစာပေါများပြီး ဆောင်းခိုငှက်ကျက်စားဖို့ နေရာများစွာရှိတဲ့ အတွက် ပုံမှန်လာနေကြနေရာမှာ ဆောင်းခိုလေ့ရှိပါတယ်။ ဆောင်း ရာသီ ကမ္ဘာ့မြောက်ဖျားပိုင်းမှာရေခဲပြီး နေ့တာတိုတဲ့အတွက် အစာ ရေစာ ရှားလာတယ်။ ဒါကြောင့် သူတို့လာနေကျ အစာပေါများတဲ့ နိုင်ငံကို လာကြတာပါ။ အဲဒီလို လာရောက်ကျက်စားတဲ့ငှက်တွေ ရေရှည်တည်တံ့ဖို့အတွက် ဌာနအနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ပါတယ်။ ဆောင်းခိုငှက်တွေထဲမှာ ကမ္ဘာမှာ မျိုးသုဉ်းဖို့အန္တရာယ်ရှိနေတဲ့ ငှက် မျိုးစိတ်တွေလည်း ပါဝင်တာကြောင့် လူတွေရဲ့စိုက်ပျိုးသီးနှံမှာ တွယ်ကပ်နေတဲ့ အင်းဆက်ပိုးတွေကို စားသုံးလေ့ရှိတဲ့ ဆောင်းခိုငှက် တွေကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ဖို့ လိုပါတယ်။ အခုလို ဆောင်းခို ငှက်တွေ နှစ်စဉ်ဝင်ရောက်မှုဟာ နိုင်ငံအတွက်လည်း ဂုဏ်ယူစရာပါ”ဟု မိုးယွန်းကြီးအင်း ဘေးမဲ့တောရိုင်းတိရစ္ဆာန်ဥယျာဉ်မှ ဦးစီးအရာရှိ ဒေါ်သင်းသင်းယုက ပြောကြားသည်။
မိုးယွန်းကြီးဘေးမဲ့အင်းသည် ဧက ၂၅၆၀၀ ကျယ်ဝန်းပြီး ၁၉၈၈ ခုနှစ်တွင် လယ်ယာနှင့် သစ်တောရေးရာဝန်ကြီးဌာနက မိုးယွန်းကြီး ဘေးမဲ့တောအဖြစ် စတင်တည်ထောင်ခဲ့သည်။ ငှက်ကြည့်ဝါသနာရှင် များနှင့် သုတေသနပညာရှင်များအနေဖြင့် ပဲခူးမိုးယွန်းကြီးဘေးမဲ့ အင်းတွင် ဆောင်းခိုငှက်အများဆုံးဝင်ရောက်သော နိုဝင်ဘာလမှ ဖေဖော်ဝါရီလထိ ကြည့်ရှုနိုင်သည်။ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ပဲခူးမြို့မှ ၄၂ မိုင်အကွာ ပျဉ်ပုံကြီးအလွန်ကားလမ်းမှ အတွင်းသို့ ခြောက်ဖာလုံခန့် ဝင်ရောက်ပါက မိုးယွန်းကြီးဘေးမဲ့အင်းသို့ ရောက်ရှိ မည်ဖြစ်သည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး