
နေပြည်တော် မေ ၂၅
မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည်ဖြစ်ပြီး မြစ်ရေတက်လာမှုအပေါ်မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသား များကို ပြသထားမည်ဖြစ်ကာ ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန်အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန် လိုအပ်သည်။
ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလတွင်ရှိခဲ့သော သောင်နှင့်ကျွန်းများ ရေမြုပ်၍ ရေမြွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် ရေအနက်မလုံလောက်သော ရေမြွှာပေါက် ဖြတ်လမ်းများကို ဖြတ်သန်းခုတ်မောင်းခြင်း မပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့်ရေစီးနှုန်းကို ချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းကြရန် လိုအပ်သည်။
မြစ်ကူးတံတားရေလမ်းများတွင် ရေယာဉ်များ ဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်း ရောင် တြိဂံအမှတ်အသား ပြသထားပြီး ညအခါ မီးစိမ်းထွန်း ပြသထားသည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြသထားပြီး ညအခါ မီးနီထွန်း ပြသထားသည်။
ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင်အုတ်ခုံများသည် ရေမြုပ်နေပြီး ရေလယ် တိုင်နှစ်ခုအကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတားရေလမ်းကို ဖြတ်သန်းရာ တွင် စက်နှင့်တက်မစနစ်များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ ချဉ်းကပ် လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ် နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန် လိုအပ်သည်။ အထူးသဖြင့် မိမိ၏ သယ်ဆောင်ဝန်နှင့် စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းကြရမည်ဖြစ်သည်။ မနိုင်ဝန်ကို သယ်ဆောင်ခြင်း မပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည် ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှုဖြစ်ပေါ်သည့် အခါ ရေယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် သတိပြုခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များ လိုက်နာရမည့်ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။
သတင်းစဉ်