
ရန်ကုန် ဇန်နဝါရီ ၂၃
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးမှူးကျင်းပသည့် မြို့တော်အသံလွှင့်ဌာန (City FM) ကြွေရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး၌ ယနေ့ညနေ ၅ နာရီက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ ၊ City FM ဝန်ထမ်းများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က City FM Radio သည် စတင်တည်ထောင်ချိန်မှစ၍ ယနေ့အထိ ရန်ကုန် မြို့တော်နေ ပြည်သူများ၏ လိုအပ်ချက်များကို မီဒီယာကဏ္ဍမှ ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မီဒီယာ၏အခန်းကဏ္ဍသည် သတင်းမှန်ဖြစ်ရန်လိုပြီး ဥပဒေအရ ထုတ်ပြန်ထားသည့် မီဒီယာဥပဒေနှင့် သတင်းသမားများ လိုက်နာရမည့် ကျင့်ဝတ်များကို လိုက်နာကြရန်လိုအပ်ကြောင်း၊ သို့မှသာ မီဒီယာ သည် နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်နိုင်မည် ဖြစ်ကြောင်း၊ City FM Radio သည် ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်းစသည့် မီဒီယာ တာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုသည့် အစီအစဉ်ကောင်းများ ဖန်တီးထုတ်လွှင့်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့နေ ပြည်သူများအတွက် ဆက်လက်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ကာ နိုင်ငံအကျိုး၊ ပြည်သူအကျိုးအတွက် အားကိုး အားထားပြုရမည့် မီဒီယာကောင်းတစ်ခုဖြစ်ပါစေ ကြောင်း ပြောကြားသည်။
ထို့နောက် City FM Radio တွင် တာဝန် ထမ်းဆောင်ခဲ့သူများနှင့် လက်ရှိတာဝန်ထမ်းဆောင် နေသူများအား ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေတို့ က အမှတ်တရဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အမှတ်တရဂုဏ်ပြု လက်ဆောင် လက်ခံသူများကိုယ်စား ဦးရဲနိုင်စိုးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)