
သိန်းညွန့်(PZL)၊ ဓာတ်ပုံ-ကျော်လင်းဟန်
ငှက် ပြာခြောက်ကြီးမျိုးစိတ်သည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်သာ တွေ့ရှိရပြီး မျိုးသုဉ်းရန်
အန္တရာယ်ရှိသောငှက်မျိုးစိတ် ဖြစ်သည်။ ၎င်းမျိုးစိတ်သည် မျက်မှောက်ကာလတွင် လက်ကျန်အကောင်အရေ
အတွက် ကျဆင်းလာခြင်း၊ ကျက်စားရာဒေသများ ပျက်စီးပြုန်းတီးလာခြင်းကြောင့် မျိုးသုဉ်းရန်အန္တရာယ်
ကျရောက်နိုင်သော မျိုးစိတ်အဆင့်မှ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်အဆင့်ထိတိုင် အပြည်ပြည် ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN)က ၂၀၁၃ ခုနှစ်တွင် ပြောင်းလဲသတ်မှတ်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် ငှက်ပြာ ခြောက်ကြီးသည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိရှိနိုင်သည်။
ငှက်ပြာခြောက်ကြီးမျိုးစိတ်သည် မျိုးရင်း Sittidae အုပ်စုတွင် အကြီးဆုံးမျိုးစိတ်ဖြစ်သည်။ ၎င်းမျိုးရင်း ၏ ထူးခြားချက်မှာ အခြားငှက်မျိုးစိတ်များနှင့်မတူဘဲ သစ်ပင်ပင်စည်တစ်လျှောက် ဒေါင်လိုက်အနေ အထားတွင် အထက်မှအောက်၊ အောက်မှအထက် လမ်းလျှောက်သွားလာ၍ အစာရှာဖွေလေ့ရှိသည်။
ထို့ပြင် ၎င်းတို့သည် ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၄၀၀၀ မှ ၆၀၀၀ အကြား တောင်ပေါ် အမြဲစိမ်းတောနှင့် ထင်းရှူးရော နှော တော များတွင် ကျက်စားနေထိုင် သော ငှက်မျိုးစိတ် တစ်မျိုး ဖြစ်ပြီး သဘာဝ တော အတွင်း သစ်ပင် ကြီး များ၏ ပင်စည်နှင့် သစ် ကိုင်းကြီးများ တစ် လျှောက် တွယ် ကပ်၍ ပိုးမွှားများနှင့် သစ်သီးသစ်စေ့များကို စားသုံး လေ့ရှိသည်။
ငှက်ပြာခြောက်ကြီးမျိုးစိတ်သည် သစ်တော အတွင်း အင်းဆက်ပိုးမွှားအကောင်ရေ ထိန်းချုပ် ရာတွင် အားထားရသည့် မျိုးစိတ်ဖြစ်ပြီး သစ်တော သစ်ပင်များကို ကျရောက်သည့် အဖျက်ပိုးမွှားများ ကို စားသုံးဖယ်ရှားခြင်းဖြင့် သစ်ပင်များ ကောင်းမွန် စွာကြီးထွားရှင်သန်မှုကို အထောက်အကူဖြစ်စေ သည်။
အဆိုပါငှက်မျိုးစိတ်သည် နှစ်စဉ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် မိတ်လိုက်လေ့ရှိကာ မိတ်လိုက် ချိန်၌ အထီးအမနှစ်ကောင်တွဲတွေ့ရတတ်ပြီး သား ပေါက်ခါစတွင် မိသားစုငှက်အုပ်လိုက် တွေ့ရတတ် ကာ ကျန်သည့်အချိန်များတွင် တစ်ကောင်တည်းသာ ကျက်စားနေထိုင်တတ်သော မျိုးစိတ်ဖြစ်သည်။
၎င်းတို့သည် အသိုက်ကို ထင်း ရှူး၊ သစ်ချ၊ သစ် အယ်ပင်ကြီးများ ၏ သဘာဝ အခေါင်း ပေါက် များ၊ အခြား တိရစ္ဆာန် များ ဖောက်လုပ်ထား သော အခေါင်း ပေါက် ဟောင်း များအတွင်းတွင် ဆောက်လုပ်လေ့ရှိပြီး ဧပြီနှင့် မေလအတွင်း သားပေါက်လေ့ရှိကာ တစ်ကြိမ်လျှင် သုံးကောင် မှ လေးကောင်အထိသာ သားပေါက်လေ့ ရှိသည်။
နိုင်ငံတကာစာစောင်များတွင် ဖော်ပြထားသော သုတေသနစာတမ်းများ လေ့လာချက်အရ ငှက်ပြာ ခြောက်ကြီး မျိုးစိတ်ကို မြန်မာနိုင်ငံတွင် တွေ့ရှိမှု နောက်ဆုံးမှတ်တမ်းမှာ ၁၉၈၀ ပြည့်နှစ် နှစ်လယ်ခန့် တွင် ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီး ဒေသတွင်ဖြစ်ပြီး လက်ရှိကာလ ကွင်းဆင်းသုတေသနပြုလေ့လာမှု များအရ ယင်းမျိုးစိတ်ကို ရှမ်းပြည်နယ် တောင်ပိုင်း ပင်းတယ မြို့နယ်နှင့် ရပ်စောက် မြို့နယ် အတွင်းရှိ အရှေ့မြင် အနောက်မြင်တောင်ဒေသတွင် လည်းကောင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ လွယ်မိုင်းတောင် တွင် လည်းကောင်း ပြန်လည်ရှာဖွေတွေ့ရှိထား သည်ဟု သိရသည်။
သုတေသနလုပ်ငန်းများအရ အရှေ့မြင် အနောက်မြင်တောင်ဒေသတွင် လက်ကျန်အကောင် ရေ ၅၀ ဝန်းကျင်ခန့်သာ ကျန်ရှိကြောင်း၊ အကောင် အရေအတွက်အားဖြင့် တစ်ကမ္ဘာလုံးတွင် အကောင် ရေ ၁၀၀၀ မှ ၂၅၀၀ အကြားသာ ကျန်ရှိနေပြီး ထိုင်း နိုင်ငံတွင် အကောင်ရေ ၅၀၀ ကျော်ခန့် ရှိနိုင်သည် ဟု ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်း၊ ထင်းအလွန်အကျွံ သုံးစွဲနေခြင်း၊ ၎င်းတို့၏ စား သောက်နေထိုင်ရာ ထင်းရှူးပင်များမှ ထင်းရှူးဆီ ထုတ်လုပ်ခြင်း၊ အခြားသစ်မဟုတ်သည့် သစ်တော ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းကဲ့သို့သော လုပ် ဆောင်မှုများ ပြုလုပ်လာခြင်း ကြောင့် ယခုအခါ ၎င်းတို့၏ နေရင်းဒေသများနှင့် နေထိုင်ကျက်စားရာ နေရာများ ပျောက်ဆုံးလာခဲ့ရကြောင်း၊ အချိန်မီ မထိန်းသိမ်းနိုင်ပါက ဒေသတွင်း မျိုးသုဉ်းပျောက် ကွယ်သွားနိုင်ကြောင်း ခန့်မှန်းရကြောင်း မြန်မာ့ သဘာ၀ထိန်းသိမ်းရေးအဖွဲ့ (NCS) မှ အဆိုပါ ငှက်မျိုးစိတ်များကို လေ့လာသုတေသနပြုလုပ် နေသူ ပညာရှင်တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
ငှက်ပြာခြောက်ကြီးကို မြန်မာနိုင်ငံတွင် အမိန့် ကြော်ငြာစာအမှတ် (၆၉၀/၂၀၂၀)အရ လုံးဝ ကာကွယ်ထားသည့် ငှက်စာရင်းတွင် ထည့်သွင်း ထားပြီး မြန်မာနိုင်ငံသစ်တောဦးစီးဌာနအနေဖြင့် လည်း အဆိုပါ ရှားပါးငှက်ပြာခြောက်ကြီးမျိုးစိတ် များ အသက်ရှင် ရပ်တည်နိုင်ရေးနှင့် ၎င်းတို့၏နေရင်း ဒေသ သဘာဝတောများထိခိုက်စေသော အခြေအနေ မဖြစ်ပေါ်စေရေးကိစ္စအဝဝကို ဝါသနာတူ၊ စေတနာ တရားရှိကြသူများဖြင့် ဖွဲ့စည်းကာ ငှက်ပြာခြောက် ကြီး မျိုးစိတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရေးအတွက် အလေးပေး ဆောင်ရွက်နေကြောင်း ဝမ်းမြောက်ဖွယ် သတင်းစကားကြား သိရ သည်။
- Log in to post comments