မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗန်းမောက် - ဟုမ္မလင်း မြေသားလမ်းတချို့၌  ပျက်စီးနေ၍ ခရီးသည်တင်ယာဉ်များ သွားလာရေးအခက်အခဲဖြစ်နေ

 

 

ဗန်းမောက်   မေ  ၁၇
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး ဗန်းမောက်မြို့နယ်နှင့်  ဟုမ္မလင်းမြို့နယ်ချင်းဆက် မြေသား လမ်းပိုင်းတချို့မှာ    ယခုအခါပျက်စီးနေ၍   ယာဉ်များသွားလာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
မေ    ၁   ရက်မှစ၍    ယနေ့အချိန်အထိ   အဆက်မပြတ်    မိုးသည်း ထန်စွာ    ရွာသွန်းနေမှုကြောင့် ဗန်းမောက် - အနောက်တော-နမ့်စက်- ဟုမ္မလင်း ကိုယ့်အားကိုယ်ကိုး မြေသားလမ်းမှာ ရွှံ့စေးများ၊ ဗွက်အိုင် များနှင့်  တောင်ကမ်းပါးယံများမှ   မြေများလမ်းအတွင်းသို့   ပြိုကျ ပျက်စီးနေခြင်းနှင့် တောင်ဆင်း တောင်တက်များ ပေါများခြင်းတို့ကြောင့်  ဟုမ္မလင်း  -  မန္တလေး၊   နမ့်တော - မန္တလေး၊ နောင်ပိုအောင် -  မန္တလေး သို့ အသွားအပြန် ပြေးဆွဲနေကြသော ခရီးသည်တင်  လိုင်းကားငယ် များမှာ သွားလာရေးအခက်အခဲများဖြင့်   ကြုံတွေ့နေရပြီး လမ်းချော်၍ မတက်ရောက်နိုင်ခြင်း၊ ရွှံ့ဗွက်အိုင်ကြီးများကို  ဖြတ်သန်းမောင်းနှင် ရခြင်းနှင့်​ ပြိုကျလာသည့် မြေစာများကို ဖယ်ရှားရှင်းလင်း၍ မောင်းနှင် သွားလာရခြင်းများကြောင့်  လိုရာခရီးသို့  မရောက်နိုင်သဖြင့် လမ်းပိုင်း အချို့တို့တွင်   ညအိပ်ရပ်နားပြီးမှသာ  ဖြတ်သန်းမောင်းနှင်နေကြရ ကြောင်း  ကားသမားများထံမှ သိရသည်။
မန္တလေး   -  ဟုမ္မလင်း  လမ်းပိုင်းဖြစ်သည့် ပင်လည်ဘူး-ဖောင်းပြင် လမ်းမှာ လွန်ခဲ့သော သုံးလပိုင်းအတွင်းက ပိတ်ထားသဖြင့် ဟုမ္မလင်းမှ မန္တလေးသို့ ပြေးဆွဲနေကြသည့် ယာဉ်ငယ်များမှာ ဗန်းမောက်မြို့ကို ဖြတ်ကာ ပြေးဆွဲနေကြရခြင်းဖြစ်ပြီး ခရီးမိုင်အားဖြင့် သက်သာသော် လည်း မိုးရွာသွန်းပါက မြေသားလမ်းဖြစ်သည့်အတွက် လမ်းမှာ ပျက်စီး လာပြီး မိုးရာသီတွင် မသွားလာသင့်ကြောင်း သိရသည်။
“မြေသားလမ်းလည်းဖြစ်တော့  မိုးရွာပြီဆို​  တချို့နေရာတွေမှာ ဗွက်တွေကထ၊  တောင်ကမ်းပါးယံက  မြေတွေကပြို၊  တောင်တက်  တောင်ဆင်းကလည်းချော်တော့    သွားလာရေး   ခက်ခဲနေပြန်ပါတယ်။ ဗန်းမောက်လမ်းက အလွန်ကြမ်းတယ်ဗျာ။ ပင်လည်ဘူး - ဖောင်းပြင် လမ်းကြီး အမြန်ပြန်ဖွင့်ပေးစေချင်တယ်ဗျာ”ဟု ဟုမ္မလင်းမှ မန္တလေးသို့ ပြေးဆွဲနေသော ကားအသင်းမှ ကားသမားတစ်ဦးက ပြောသည်။
အဆိုပါလမ်းပိုင်းကို ၂၀၁၅ ခုနှစ်က ဟုမ္မလင်းမြို့နယ် ရှမ်းနီစာပေ ယဉ်ကျေးမှုမှ ဦးဆောင်နာယက ဆရာတော်များဖြစ်သည့်    မေဃိန္ဒာရာမ ကျောင်းတိုက်ဆရာတော်၊  နမ့်စက်ကျေးရွာကျောင်းတိုက်  ဆရာတော်၊ ဟုမ္မလင်းဘုရားငါးဆူပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ရွှေမြင်းတင် ကျောင်းတိုက်ဆရာတော်တို့ ဦးဆောင်၍ ပြည်သူလူထု ထည့်ဝင်လှူဒါန်း ငွေများနှင့် ရွှေလုပ်ငန်းရှင်ကြီးများ၏ ထည့်ဝင်ငွေများဖြင့် ကိုယ့်အား ကိုယ်ကိုး ဖောက်လုပ်ခဲ့သော မြေသားလမ်းဖြစ်ပြီး နွေရာသီအချိန်တွင် သွားလာရေးကောင်းမွန်၍   ဟုမ္မလင်းမှ  မန္တလေးခရီးစဉ်ကို ကြာချိန် ငါးနာရီခန့်   လျှော့ချနိုင်မည်ဖြစ်သောကြောင့်   ယင်းမြေသားလမ်းပိုင်း အား  ရာသီမရွေးသွားလာနိုင်ရန် ကတ္တရာလမ်း သို့မဟုတ်  ကျောက်ချော လမ်းအဖြစ်   ဆောင်ရွက်ပေးစေလိုကြောင်း   ခရီးသွားပြည်သူများနှင့် ကားသမားများက လိုလားနေကြကြောင်း သိရသည်။                               
လှိုင်ဘွား(ဗန်းမောက်)