
ဝ ထ က လ သ (နတလ)
မိုးရနံ့သင်းသင်း
“နာဂဘန်းတူး ဘန်လူကိုဘာ ဗီနဝေါဟ ဂမ်းဘန်း လာအိုး..”
“Naga Land also welcome visitors from far.”
“နာဂဒေသမှ ရပ်ဝေးက ဧည့်သည်များကို ကြိုဆိုပါ၏”
ဤနာဂရိုးရာကျေးလက်သီချင်း တစ်ပိုင်းတစ်စ ကို ရိုးရာဗုံ၊ မောင်း၊ ပလွေများမပါဘဲ ရွတ်ဆိုပြသူမှာ ကိုင်းဆန်မျိုးနွယ်စုမှ ဟိုင်းမြေ(ခေါ်)တန်ရှမ်းနာဂ တိုင်းရင်းသား အွမ်မွန်း(ခေါ်) ကိုကျော်ဆန်း ဖြစ်ပါ သည်။ သူက စာရေးသူတို့ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ဦးစီးအရာရှိ တစ်ဦးဖြစ်၏။ နောက်နာဂ တိုင်းရင်းသားတစ်ဦးလည်း ရှိပါသေးသည်။ “L.B လာသေး (ခေါ်) ကော့လပ်ဖူ” ဟုခေါ်ပြီး ဆွမ္မရာ မျိုးနွယ်စုမှ ဆွမ္မရာနာဂ (ခေါ်) တန်ကွန်နာဂ တိုင်းရင်းသားတစ်ဦးဖြစ်ပါသည်။
သူတို့သည် ဒေသတူ နာဂမျိုးနွယ်စု တူသော် လည်း စကားမတူကြ။ သို့သော် နိုင်ငံချစ်စိတ်နှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာဒေသ၊ တာဝန်အား ကျေပွန်စွာထမ်းဆောင်ကြ မည်ဟူသော သန္နိဋ္ဌာန်စိတ်ဓာတ်တို့ကား အတူတူ ပင် ဖြစ်ပါသည်။
စာရေးသူတို့ နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်း အား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးစုံတို့ မိသားစုသဖွယ် ပါဝင် ပေါင်းစပ်ဖွဲ့စည်း တာဝန်ယူဆောင်ရွက်လျက်ရှိ သော ဌာနတစ်ခုဖြစ်ပါသည်။ “အွမ်မွန်း” တို့လို၊ “လာသေး”တို့လို နာဂတိုင်းရင်းသားအပြင် အခြား တိုင်းရင်းသား၊ တိုင်းရင်းသူများစွာသည်လည်း စာရေးသူတို့ ဝန်ကြီးဌာနတွင် နိုင်ငံအနှံ့အပြား၌ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
မိုးတစိမ့်စိမ့်ရွာနေသည့် ဇူလိုင်လ၏ ရက် တစ်ရက်တွင် တာဝန်မှူးရုံးခန်း၌ စာရေးသူသည် သူတို့နှင့် စကားလက်ဆုံ ပြောခွင့်ကြုံခဲ့ပါသည်။
“ဒီအချိန်ဆို ကျွန်တော်တို့ ဒေသမှာလည်း မိုးဖြိုင်ဖြိုင်ကျနေပြီ။ ကျွန်တော်တို့ဆီမှာက နွေမရှိ ဘူး၊ မိုးနဲ့ ဆောင်းပဲရှိတယ်။ မိုးကာလက များပါ တယ်။ ရာသီဥတုကြမ်းတယ်။ တောင်တွေမတ် စောက်တယ်၊ တောတွေ နက်ရှိုင်းတယ်၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတယ်။ ပညာရေး၊ ကျန်းမာရေး မြှင့်တင်ပေးဖို့လိုသေးတယ်၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အများကြီးလုပ်ပေးဖို့လည်း ရှိနေသေးတယ်။
နာဂမျိုးနွယ်စုများ
ကျွန်တော်တို့မှာ မျိုးနွယ်ကြီးလေးခု ရှိတယ်။ ဆွမ္မရာနာဂ၊ ထန်ဂန်နာဂ၊ ဟိုင်းမြေနာဂနဲ့ စန်း နာဂလို့ ခေါ်တယ်။ အဲဒီမျိုးနွယ်ကြီး လေးမျိုးကနေ ထပ်ဆင့်မျိုးနွယ်စုလေးတွေ ကွဲသွားတယ်။ နေထိုင် ရာ နယ်မြေအရပ်နဲ့ ဘာသာစကားအလိုက် အုပ်စု တွေ ခွဲခြားထားတယ်။ လေရှီးမြို့နယ်မှာ တန်ကွန် နာဂ၊ ကူကီးနာဂ၊ ပါရာနာဂနဲ့ မကူရီနာဂဆိုပြီး မျိုးနွယ်စု လေးစု နေကြတယ်။ လဟယ်မှာတော့ ထန်ဂန်နာဂတွေ နေကြတယ်။ ရော်ထိုင်၊ လိုင်းနောင်၊ မကျန်း၊ ဆော်လော်၊ ဆပ်ပလော်၊ ဂုန်ဝမ်၊ စလူ၊ ပုံညို၊ ဓနူး၊ နောက်အော်ဆိုပြီး မျိုးနွယ်စု ၁၀ စု ပါဝင်တယ်။ နန်းယွန်းမြို့နယ်မှာတော့ ဟိုင်းမြေနာဂ မျိုးနွယ်တွေ နေထိုင်ကြတယ်။ မျိုးနွယ်စုပေါင်း ၇၀ တောင်ရှိ တယ်။ စန်းနာဂမျိုးနွယ်စုတွေကတော့ ခန္တီးနဲ့ လဟယ်မြို့နယ်တွေမှာ ရှိကြတယ်။ စန်းနာဂ၊ ဝေ နာဂ၊ ကိုင်းယော်နာဂဆိုပြီး မျိုးနွယ်စု သုံးစုရှိတယ် လေ။ ဒီတော့ လဟယ်၊ လေရှီး၊ နန်းယွန်းနဲ့ ခန္တီး မြို့နယ်တွေမှာ နာဂမျိုးနွယ်စုပေါင်း ၈၇ စုလောက် နေထိုင်ကြတယ်။
ဘာသာစကားနဲ့ နာဂမျိုးနွယ်စုတွေ ကွဲပြားမှု တွေရှိပေမယ့် နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီ ၁၅ ရက်မှာ ကျင်းပတဲ့ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်မှာတော့ တစ်စုတစ်ဝေးတည်း အားလုံးဆုံစည်းကြတယ်။ စည်းလုံးညီညွတ်စွာနဲ့ မျိုးနွယ်စုအလိုက် ဒေသ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အဆိုအကတွေကို ဝေဝေဆာဆာ ဖော်ထုတ်ကြတယ် ဆရာ။ သိပ်ပျော် ဖို့ကောင်းတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ နှစ်သစ်ကူး အထိမ်းအမှတ် တံခွန်တိုင်ကြီးက ထွက်ပေါ်လာတဲ့ ရာပေါင်းများစွာသော ဆည်းလည်းတွေရဲ့ အချင်း ချင်းထိခတ်တဲ့ ဂီတသံစဉ်တွေကိုလည်း ကြားယောင် နေမိတယ်”
အွမ်မွန်းနှင့် ပြောဆိုနေစဉ်မှာပင် နေပြည်တော် မိုးက တဝေါဝေါ တဖြောဖြောနဲ့ သဲသဲမဲမဲ ရွာချလာပါ သည်။
ဆွမ္မရာဒေသသား “လာသေး” ကလည်း “ကျွန်တော်တို့ တန်ကွန်နာဂတွေက ဒီလကို ဇူးလပ် (Zuulat)လို့ခေါ်တယ်။
အဓိပ္ပာယ်က မိုးများပြီး တောင်ယာထဲ၊ လယ်ထဲမှာ ပေါင်းမြက်ထူလို့ ကွင်းထဲမှာ ပေါင်းတွေနုတ်၊ ကန်သင်းတွေ ရှင်းကြတဲ့ ရာသီပေါ့။ အခုလောက်ဆို အိန္ဒိယ- မြန်မာ နယ်စပ် မျဉ်းတောင်ခြေကနေ သတော့လွန်းတောင်ခြေ တစ်လျှောက် ရွာလေးတွေကို ဖြတ်စီးလာတဲ့ ဆွမ္မရာချောင်းမှာ ရေတွေတဖွေးဖွေး ပြည့်လျှံနေ လောက်ပြီ။ စိမ်းစိမ်းညို့ညို့ မာလာတောင်၊ ပတ်ကွိုင်တောင်တန်း၊ စာရာမေရိတောင်တန်း၊ ထိန်ညိုတောင်တန်းတွေပေါ်က မြင့်မားတဲ့သစ်ပင် တွေမှာလည်း မိုးငွေ့၊ တောင်ငွေ့တွေနဲ့ အုံ့မှိုင်းညို့ ဆိုင်း ရင်ခုန်ဖွယ်ကောင်းလောက်အောင် အေးမြနေ လောက်ပြီ။
ဘိုးဘွားတွေ အစဉ်အဆက်ပြောခဲ့ကြတာ ရှိတယ်။ ကိုလိုနီခေတ်က ခရစ်ယာန်သာသနာပြု တွေနဲ့ စစ်ပွဲတွေဟာ ဒီတောတောင်ထူထပ်တဲ့ဒေသ မှာ နှစ်ရှည်လများ အမဲလိုက်၊ တိုက်ခိုက်၊ ကခုန်နေခဲ့ ကြတဲ့ ကျွန်တော်တို့ မျိုးနွယ်စုတွေရဲ့ ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီလို ရင်ခုန်စရာ တောင်စောင်းတွေပေါ်က ဂျပန်စစ်တပ်နဲ့ မဟာမိတ် စစ်တပ်တွေရဲ့ အပြင်းအထန် တိုက်ပွဲတွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ရလဒ်ကို ဆုံးဖြတ်ပေးခဲ့တယ်။ စစ်ကြီးပြီးသွားလို့ ဗြိတိသျှတွေက သူတို့ရဲ့အင်ပါယာ ကြီးကို အဓမ္မ ခွဲခြမ်းစိတ်ဖြာပြီး မြေပုံဆွဲတဲ့အခါမှာ နာဂဒေသဟာ ဝမ်းနည်းစရာ နှစ်ပိုင်းကွဲသွားခဲ့ရပါ တယ်။ ဒါကြောင့် ကိုးကွယ်မှု၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေ ဆက်စပ်မှုရှိနေတော့ အိန္ဒိယနဲ့ မြန်မာနာဂတွေဟာ နှစ်ဖက်နိုင်ငံအတွင်း နေထိုင်ကြ ပေမယ့် ကူးလူးဆက်ဆံမှုအမြဲရှိပြီး နယ်စပ်ပြဿနာ ကြီးကြီးမားမားမရှိခဲ့ကြပါဘူး”ဟု ဆွမ္မရာဒေသ သား ဒုတိယဦးစီးမှူး “လာသေး”က မိုးမြင်ကွင်းကို ငေးကြည့်ရင်း တမ်းတမ်းတတပြောပြပါသည်။
မှန်ပါ၏။ ဤရာသီသည် နာဂဒေသမှာ မိုးများ သလို မြန်မာနိုင်ငံအနှံ့အပြားမှာလည်း မိုးဖြိုင်ဖြိုင် ရွာသွန်းသည့်ရာသီပင် ဖြစ်ပါသည်။ ယခု ဇူလိုင်လ သည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်သော ဝါဆိုလဖြစ်ပြီး နွေဥတု၊ မိုးဥတု နှစ်ဥတုလုံး ပါဝင် ပါသည်။ နွေတစ်ပိုင်း၊ မိုးတစ်ပိုင်း ရောနှောသော ကာလလည်းဖြစ်၏၊ ကဆုန်၊ နယုန်လလောက် အပူရှိန်ပြင်းထန်ခြင်း မရှိတော့။ ရွာသွန်းသော မိုးရေ သည် အလွန်အေးမြ၏၊ တောတောင်အနှံ့ တောပန်း၊ တောင်ပန်းတို့ ဖွေးဖွေးဖြူအောင် ပွင့်ကြ၏။
“ဝါဆိုငယ်မှ ဝါခေါင်၊ ရေဖောင်ဖောင်၊ ရွာတောင် ကချောင်း” ဟူသော အိုင်ချင်းနှင့်အညီ မြန်မာနိုင်ငံ အနှံ့ မိုးသည်းထန်စွာ ရွာသွန်း၏။ မြစ်ချောင်း၊ အင်းအိုင်များ၌ ရေပြည့်လျှံနေကြ၏။ အာကာသ မိုးကောင်းကင်တွင် ညိုမည်းသော မိုးသားတိမ်လိပ် ကြီးများ အုပ်စုဖွဲ့ကာ အဆက်မပြတ် ရွေ့လျားလာ နေကြ၏။ အရပ်ရှစ်မျက်နှာလုံး မှုန်မှိုင်းအုံ့ဆိုင်း၍ နေလေတော့၏။ မိုးရနံ့သင်းသော အခါသမယပင် ဖြစ်ပါတော့သည်။
စက္ခုအလင်း
ဤ မိုးနံ့သင်းသင်းကာလမှာပင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် နာဂဒေသအတွင်း ကြီးကျယ်မြင့်မြတ် သော အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခရီးစဉ်များနှင့်လည်း တိုက်ဆိုင်နေပါသည်။
အခမ်းအနားတစ်ခုမှာ ၁-၇-၂၀၂၂ ရက်က ပြုလုပ်သည့် ခန္တီးမြို့ သီတဂူစက္ခုဒါနဆေးရုံတော် ဖွင့်ပွဲအခမ်းအနားဖြစ်ပြီး နောက်အခမ်းအနားတစ်ခု က ၂-၇-၂၀၂၂ ရက်က ပြုလုပ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ခန္တီး- ဆင်သေ- လဟယ် လမ်းပေါ်ရှိ နန့်စလိန်တံတားဖွင့်ပွဲ အခမ်းအနား ဖြစ်ပါသည်။
“မျက်စိအဆုံး၊ နားအရှုံး၊ အမုန်းနှာခေါင်းမှာ”ဟု ပညာရှင်များက စာစီခဲ့ကြသည်။ လူသားတစ်ဦး အတွက် မျက်စိတစ်စုံသည် တန်ဖိုးအရှိဆုံးအရာ ဖြစ်ပြီး ခန္ဓာကိုယ်၏ ထိခိုက်မှုအလွယ်ဆုံးသော အစိတ်အပိုင်းသည်လည်း မျက်စိပင် ဖြစ်ပါသည်။ မွေးရာပါ မျက်စိရောဂါတစ်ခုခုဖြစ်ခြင်း၊ ပြင်ပ ပယောဂကြောင့် အမြင်အာရုံချို့ယွင်းသွားခြင်းမှအပ လူတိုင်းလိုလိုသည် အသက် ၄၀ ကျော်လာပါက အမြင်အာရုံ စတင်ချို့ယွင်းလာကြပါသည်။ နည်းပညာများ တိုးတက်ခေတ်မီလာသည့် အလျောက် တက်ဘလက်၊ ဖုန်း၊ ကွန်ပျူတာ၊ လက်ပ်တော့ပ် စသည့် အီလက်ထရွန်နစ်ပစ္စည်း များကို ထိတွေ့ကိုင်တွယ်လာကြရာ ယခုအခါတွင် အရွယ်မတိုင်မီ အသက်ငယ်ပိုင်းမှစ၍ မျက်စိရောဂါ များကို ကမ္ဘာနှင့်အဝန်း ခံစားနေကြရပါသည်။
ထိုအခါ သွားရေးလာရေးလွယ်ကူသော မြို့ပေါ် ဒေသများအတွက် မျက်စိဝေဒနာကို အလွယ်တကူ ပြသနိုင်ကြပါသည်။ သို့သော် မြို့နှင့်အလှမ်းဝေးသော တောနယ်ကျေးရွာများ၊ တောင်ပေါ်ရွာများအတွက် မူကား မျက်စိဝေဒနာကုသရန် များစွာအခက်အခဲ ရှိပေသည်။ လမ်းပန်းဆက်သွယ်မှု အခက်အခဲ၊ ဆေးကုသစရိတ်ကြီးမြင့်မှု၊ ကာလရှည် ဆေးရုံတက် ရသည့်အတွက် ငွေကြေးကုန်ကျမှုများပြားခြင်းတို့ကြောင့် မြို့ပေါ်သွားရောက်မကုသနိုင်ဘဲ ဝေဒနာကို ကြိတ်မှိတ်ခံစားရင်း ဘဝအရှုံးကို ရင်ဆိုင်ခံစားခဲ့ကြရ သော မျက်စိဝေဒနာရှင်များစွာ ရှိခဲ့ကြ၏။
သီတဂူဆရာတော်ကြီး၏ မေတ္တာ၊ စေတနာ၊ ကရုဏာ
သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဘိဓဇအဂ္ဂ မဟာမင်္ဂလာဓမ္မဇောတိက (ရွှေကျင်နိကာယသံဃ ရာဇာ) သီတဂူဆရာတော်ဘုရားကြီး၏ မေတ္တာ၊ စေတနာ၊ ကရုဏာတရားများကား ကြီးမားလှပေစွ။ မြန်မာနိုင်ငံ၌သာမက ကမ္ဘာအနှံ့အပြားတွင် ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ပြန့်ပွားရေးအတွက် ပြည်တွင်း/ပြည်ပ သာသနာပြုလုပ်ငန်း များနှင့် ပရဟိတလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိ၏။
ဆရာတော်ကြီးသည် ဆေးရုံများကို အမျိုး အစား နှစ်မျိုးခွဲ၍ လှူဒါန်းလျက်ရှိပါသည်။ အာယု ဒါန (အာရောဂျဒါန) များသည် အထွေထွေရောဂါ ကုပေးသော ဆေးရုံများဖြစ်၏။ စက္ခုဒါနသည် မျက်စိရောဂါများကို ကုသအလင်းပေးနေသော ဆေးရုံများဖြစ်ပါသည်။ ထိုဆေးရုံများ၌ ကျန်းမာရေး စရိတ်မတတ်နိုင်သော ရဟန်းသံဃာတော်၊ သီလရှင် များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထု ဒေသခံများကိုပါ အခမဲ့ဆေးကုသပေးလျက်ရှိပါ သည်။
“လောက၏ ကျေးကျွန်အဖြစ် ဘယ်ဘဝမှာမှ မဖြစ်ရပါလို၊ သာသနာတော်၏ ကျေးကျွန်သာ ဖြစ်ရ ပါလို၏၊ ငါတည်းဟူသော အကြောင်းကြောင်းကြောင့် သူတစ်ပါးတို့ ဒုက္ခမဖြစ်ကြပါစေနဲ့၊ ဆင်းရဲဒုက္ခ ရောက်သူတို့ကို ငါအစွမ်းရှိသလောက် စောင့်ရှောက် နိုင်ရပါလို၏”ဟူသော ဆရာတော်ကြီး၏ ဤ ဆုတောင်းကို ကြည့်ရုံမျှဖြင့် ဆရာတော်သည် နိုင်ငံတော်နှင့် အမျိုး ဘာသာ သာသနာအပေါ် မည်မျှတန်ဖိုးထားသည်ကို တွေ့မြင်နိုင်ပါသည်။
တိုင်းပြည်နှင့် လူမျိုးကို ကြီးပွားတိုးတက်စေ လိုသော အမျိုးသားရေးစိတ်ဓာတ်ဖြင့် သာသနာပြု ပရဟိတအလုပ်များကို မရပ်မနား ကြိုးစား ဆောင်ရွက်လျက်ရှိ၏။ လေးစားဖွယ်၊ ကြည်ညိုဖွယ်၊ အတုယူဖွယ် ကောင်းလှပေ၏။
ခန္တီးစက္ခုဒါနဆေးရုံတော်ဖွင့်ပွဲ
ဆရာတော်ကြီးသည် နိုင်ငံတစ်ဝန်း စက္ခုဒါန ဆေးရုံတော်ပေါင်း ၄၄ ရုံ (ယခု ခန္တီးအပါအဝင်) တည်ဆောက်ပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကလေးမြို့၊ လဟယ်မြို့၊ ဟုမ္မလင်းမြို့၊ ကျွန်းလှမြို့၊ မင်းကင်းမြို့၊ အင်းတော်မြို့နှင့် ခန္တီးမြို့ များ ပါဝင်ပါသည်။ ခန္တီးမြို့ စက္ခုဒါနဆေးရုံတော် ဖွင့်ပွဲအခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်တို့ တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာ (ခန္တီး)၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည် သူများ၊ စေတနာရှင်အသင်းအဖွဲ့များက အားတက် သရော ပူးပေါင်းကူညီ ထောက်ပံ့ဆောင်ရွက်ပေး ကြသည်။
ဤစက္ခုဒါနဆေးရုံကြီးသည် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ မျက်စိဝေဒနာရှင်များအား ကုသပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းပင် ဖြစ်ပါသည်။ ဆေးရုံတွင် ခေတ်မီစက်ကိရိယာများကို အသုံးပြု၏။ ဆေးရုံတွင် ပညာပြည့်စုံကျွမ်းကျင်သော မျက်စိအထူးကု ဆရာ ဝန်ကြီးများက အခမဲ့စစ်ဆေး ခွဲစိတ်ကုသပေး၏။ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများကလည်း မျက်စိဝေဒနာရှင်များ၏ သွားလာရေး၊ စားသောက် ရေး၊ တည်းခိုနေထိုင်ရေးအစစအရာရာ ပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေး၏။
ဆရာတော်ကြီး၏ ပီတိကိုလည်း တွေ့ရ၏။ တာဝန်ရှိသူများ၏ ကြည်နူးမှုကိုလည်း တွေ့ရ၏။ မျက်စိကု ဆရာဝန်ကြီးများ၏ စေတနာထုံမွှမ်းနေ သော အပြုံးချိုချိုတို့ကိုလည်း တွေ့ရ၏။ ဒေသခံများ နှင့် မျက်စိဝေဒနာရှင်များ၏ ကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်မှုကိုလည်း ထပ်တူ ခံစား တွေ့ရှိခဲ့ရပါသည်။ ဤသို့ဖြင့် ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသား ပြည်သူများ၏ စက္ခုအလင်းတန်းကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပေပြီ။
အဝိဇ္ဇာနှင့် အသိအမြင်အလင်းတန်း
ကဏ္ဍအသီးသီးတွင် အမှန်တရားကို ဖုံးကွယ် လျက် အလင်းကို ပိတ်ဆို့စေသောအရာမှာ “အဝိဇ္ဇာ” ပင် ဖြစ်ပါသည်။ အဝိဇ္ဇာဟူသည် မသိနားမလည်မှု (မောဟ) ဖြစ်သည်။ မိုက်မဲခြင်းနှင့် တွေဝေခြင်း သဘောကို ဆောင်သည်။ “သိကောင်းတာမသိ၊ မသိ ကောင်းတာကို သိခြင်း”ကို အဝိဇ္ဇာ၊ “မဆုံးဖြတ်နိုင် ခြင်း၊ တွေဝေခြင်းလက္ခဏာရှိခြင်း”ကို အဝိဇ္ဇာဟု ဆိုစမှတ်ပြုကြသည်။ တရားတော်များတွင် အမှန်ကို မသိ၊ အမှားကို သိတတ်သည့် သဘောရှိသောကြောင့် “မိစ္ဆာဉာဏ်” ဟုလည်း ခေါ်လေ့ရှိသည်။ ထို့ပြင် လူတို့၏ လောကီရေးရာအဖြာဖြာတွင်လည်း မသိ နားမလည်မှုများကို အဝိဇ္ဇာဟု သုံးနှုန်းလေ့ရှိတတ် ပြန်ပါသည်။
အရေးကြီးသည့် အချက်အလက်ကို တမင် တကာ လျစ်လျူရှုခြင်း သို့မဟုတ် ဂရုမစိုက်ခြင်း ကိုလည်း မသိနားမလည်မှုဟု ခေါ်သည်။ မိမိကိုယ် မိမိ သိနိုင်စွမ်းရှိသူဟု မှားယွင်းစွာယုံကြည်သူ တစ်ဦးသည် မိမိတို့၏ ယုံကြည်အားထားမှုများကို မှန်/မမှန် စိစစ်ရှင်းလင်းရန် မကြိုးစားတော့။ မသိ နားမလည်သည့် အနေအထားအပေါ်၌သာ လုံးလုံး လျားလျား ပုံသေသတ်မှတ် အားပြုနေကြတော့၏။ မသိနားမလည်မှု ချောက်ကမ်းပါးကို ကျယ်ပြန့် အောင် ပြုလုပ်ခြင်းသည်ပင်လျှင် ဒေသတစ်ခု၊ နိုင်ငံတော်တစ်ခု၏ ရေရှည်ဘဝအတွက် အကျိုးဖြစ် ထွန်းစေနိုင်မှုကို အဟန့်အတားများစွာ ဖြစ်စေပါ သည်။ အချို့အချို့သော လူတို့သည် မည်မျှပင် ကောင်းအောင် ဆောင်ရွက်ပေးလျက်ရှိစေကာမူ အဆိုးများကိုသာရွေး၍ ဆုပ်ကိုင်ထားပြီး ထောက် ပြကြသည်။ ဝေဖန်ကြသည်။ အပြစ်တင်ကြသည်။ ထိုသည်မှာလည်း လူတို့၏သဘာဝနှင့် အတ္တပင် ဖြစ်ပါသည်။
စက္ခုဝေဒနာကို ဆေးဝါး၊ သမားတော်တို့ဖြင့် ပျောက်ကင်းအောင် ကုသပေးနိုင်ကြပါသည်။ သို့သော် အဝိဇ္ဇာအမှောင် ဖုံးလွှမ်းနေသည့် ဆန့်ကျင် ဘက်နံရံများ၏ အသိအမြင် အလင်းတန်းများကို ဖွင့်လှစ်ပေးရန်မူကား ကောင်းကျိုးကို တစိုက် မတ်မတ် ဆောင်ရွက်ပေးရင်း ပညာပေးမှု၊ စာနာမှု၊ ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများဖြင့်သာ ကုစား ပေးနိုင်ပါလိမ့်မည်။ အဆိုးမြင်မှုအရာအားလုံးသည် အချိန်တစ်ခု၌ ရိုးသားသော ကောင်းကျိုးများ ဆောင်ရွက်ပေးမှု ကွန်ရက်အောက်တွင် ချုပ် ပျောက်သွားကြပေလိမ့်မည်ဟု ယုံကြည်မိပါ တော့သည်။ ။
- Log in to post comments