မိုးရာသီတွင်မွေးမြူသင့်သော လူ့အကျိုးပြု ခြင်စားငါး (ခေါ်) ဒေါင်းငါးမွေးမြူရေး

Type
၅

 

ပင်လယ်ပြာ (ငါးဦးစီး)

ဒေါင်းငါး (Guppy Fish)  ဟု ခေါ်သည့် ခြင်စားငါးများသည် ခြင်သားလောင်း ဖြစ်သည့်   ပိုးလောက်လမ်းများကို စားလေ့ရှိသောကြောင့်    ခြင်ကြောင့် ဖြစ်သော သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက် အစရှိသည့် ရောဂါများ ကို ကာကွယ်တားဆီးနိုင်ရန်  အိမ်များရှိ ရေလှောင်ကန်၊ စဉ့်အိုးများနှင့် ကျောင်း များရှိ အုတ်ကန်များ၌ ခြင်စားငါးများကို ထည့်သွင်းမွေးမြူလေ့ရှိကြပါသည်။

 


ဒေါင်းငါး၏ မူရင်းဒေသ


ဒေါင်းငါးဟုခေါ်ခြင်းမှာ ငါး၏ ပုံပန်း သဏ္ဌာန်ကြောင့်ဖြစ်ပြီး ဒေါင်းငါးများ၏ အမြီးများမှာ ဒေါင်းငှက်များ၏ အမြီးသဖွယ် ပြန့်ကားပြီး အရောင်များ တဖျတ်ဖျတ် ဖြစ်နေသောကြောင့်ဖြစ်သည်။ မြန်မာ အခေါ် ဒေါင်းငါး၊   အင်္ဂလိပ်ဘာသာဖြင့် သိပ္ပံအမည် Poecilia reticulata ဖြစ်ပြီး မူရင်းဒေသမှာ ဘရာဇီး၊ ဗင်နီဇွဲလား၊ နယ်သာလန်နှင့် ဂျမေကာတို့ ဖြစ်သည်။ ခြင်သားလောင်း(ပိုးလောက်လမ်း)များ ကို စားတတ်သည့် အလေ့အထကြောင့် ခြင်နှိမ်နင်းရန်နှင့်  ငှက်ဖျားရောဂါကို ကာကွယ်ရန်အတွက် ကမ္ဘာအရပ်ရပ်သို့ သယ်ယူမွေးမြူကြရာမှ ကမ္ဘာအနှံ့အပြား သို့ ဒေါင်းငါးများ ရောက်ရှိပျံ့နှံ့သွားခြင်း ဖြစ်သည်။

 


ငှက်ဖျားရောဂါကာကွယ်ရေးအတွက် မွေးမြူ

 

မြန်မာနိုင်ငံသို့လည်း ကိုလိုနီခေတ် အတွင်းကပင် ငှက်ဖျားရောဂါကာကွယ် ရေးအတွက် အင်္ဂလိပ်တို့က သယ်ဆောင် လာရာမှတစ်ဆင့်         ဒေါင်းငါးများ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရ၏။ ဒေါင်းငါးမျိုးစိတ်တွင် ငါးအထီးများ၏ အမြီးသည် ဒေါင်းမြီးသဖွယ် အရောင်စုံ၍ လှပသည့်အတွက်     ဒေါင်းငါးဟူ၍ မြန်မာအမည်ပေးလိုက်ခြင်း ဖြစ်ဟန် တူသည်။

 


ထိုအလှမွေး  ဒေါင်းငါးလေးများ သည် ရေချိုငါးမျိုးစိတ်ဖြစ်သော်လည်း ဆားငန်နှုန်းကို အတော်အတန်  ခံနိုင် ရည်ရှိ၍  ရေငန်အတက်အကျရှိသော မြစ်ဝကျွန်းပေါ်ဒေသတို့၌လည်း ရှင်သန် နိုင်သည်။

 


အကောင်လိုက်မွေးသောငါးမျိုး


ဒေါင်းငါးလေးများတွင် အထီးသည် တစ်လခွဲ(ခြောက်ပတ်)သား၌ အရွယ် ရောက်ပြီး အမသည် သုံးလ  (၁၂ ပတ်)သား၌ အရွယ်ရောက်ကာ သားပေါက် နိုင်သည်။    ဒေါင်းငါးလေးများသည် ဥဥလေ့မရှိဘဲ အကောင်လိုက်မွေးသောငါးမျိုးဖြစ်သည်။ ဒေါင်းငါးအမများ၏ သန္ဓေဆောင်ကာလသည်   ၂၂   ရက်မှ ၂၆ ရက်ရှိပြီး  တစ်ကြိမ်လျှင်   ပျမ်းမျှ အကောင်ရေ ၃၀ မှ ၆၀ အထိ မွေးလေ့ ရှိကာ အများဆုံး ကောင်ရေ ၁၀၀ အထိ သားပေါက်နိုင်သည်။    ငါးအမသည် သားပေါက်ပြီး   တစ်လခန့်ကြာလျှင် နောက်တစ်ကြိမ်ထပ်မံ၍ သားပေါက် နိုင်သည်။ ဒေါင်းငါးလေးများ၏ သက်တမ်း မှာ နှစ်နှစ်ခန့်ရှိသည်။

 


သားစဉ်မြေးဆက် ခြင်နှိမ်နင်းပေး


ဒေါင်းငါးများ၏   အစာစားသည့် အလေ့အထသည် အစုံစားငါးမျိုးဖြစ်ရာ သဘာဝတွင် ရေပိုးမွှားများ၊ ရေပေါက်ပင် လေးများကို စားသည်။   အထူးသဖြင့် ခြင်သားလောင်း   ပိုးလောက်လမ်းများ ကို အဓိကထား   စားကြသောကြောင့် ခြင်နှိမ်နင်းရေးငါးမျိုးအဖြစ် ကျော်ကြား သည်။ ခြင်များဥချသော   ခြင်ဥများမှ တစ်ဆင့် ပိုးလောက်လမ်းများဖြစ်နေသော ရေပြင်ထဲသို့ ဒေါင်းငါးမျိုးများကို တစ်ကြိမ် ထည့်ပေးထားရုံဖြင့်  ယင်းငါးကလေး များက   ခြင်နှိမ်နင်းရေးကို  သားစဉ် မြေးဆက်အလိုက်      စဉ်ဆက်မပြတ် ပြုလုပ်ပေးသွားကြမည်    ဖြစ်သည်။ ဤနည်းလမ်းသည် သက်ရှိကို သက်ရှိဖြင့် ပြန်လည်ထိန်းချုပ်သည့်     ဇီဝနည်း (Biological Control) ဖြစ်ပါသည်။

 


စမ်းသပ်ချက်များအရ တစ်လက်မ ခွဲအရွယ် ဒေါင်းငါးအထီးတစ်ကောင်သည် တစ်ရက်လျှင် ခြင်လောက်လမ်း ကောင်ရေ ၃၀ ခန့်ကို    စားနိုင်ပြီး   နှစ်လက်မခွဲ အရွယ် ဒေါင်းငါးအမတစ်ကောင်သည် ခြင်လောက်လမ်းကောင်ရေ ၆၀ ခန့်ကို စားသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ မိမိတို့ ရပ်ရွာရှိ နေအိမ်များနှင့်   စာသင်ခန်း၊ စာသင်ကျောင်းများ   အနီးတစ်ဝိုက်ရှိ သောက်သုံးရေကန်များ၊ ရေနုတ်မြောင်း များ၊ ရေသိုလှောင်ရာ တိုင်ကီ၊ အိုးခွက် များ၊ အုတ်ကန်ကြီးများအတွင်း ဒေါင်း ငါးလေးများကို ထည့်သွင်းမွေးမြူထား သင့်ပါသည်။

 


ချိုသာသည့်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်


ဒေါင်းငါးများကို နီးစပ်ရာ အလှမွေး ငါးအရောင်းဆိုင်များ၊     အလှမွေးငါး သားဖောက်  ရောင်းချသူများထံတွင် ချိုသာသည့်ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင် ပါသည်။ ဒေါင်းငါးလေးများကို အလှမွေး ငါးအဖြစ်သာမက ခြင်အန္တရာယ်ကာကွယ် သည့်အနေဖြင့်လည်း ရေကန်များအတွင်း ထည့်သွင်း     မွေးမြူနိုင်ခြင်းကြောင့် လူ့အကျိုးပြု  မွေးမြူရေးငါးတစ်မျိုး ဖြစ်ပါကြောင်း  ရေးသားတင်ပြလိုက်ရ ပါသည်။          ။