မိုးရာသီတွင် စပါး-ငါး တွဲဖက်မွေးမြူခြင်း၏ အကျိုးကျေးဇူးများ

 

ပင်လယ်ပြာ(ငါးဦးစီး)
 

 

“ စပါး ကရွှေ ငါးကငွေ၊ လယ်ယာသားငါး ပြည့်စီးပွား” ဟူသော ဆောင်ပုဒ်အတိုင်း စပါးစိုက်ခင်းများအတွင်း ငါးသားပေါက်များ    ထည့်သွင်းမွေးမြူကြခြင်းကို လွန်ခဲ့သောနှစ်ပေါင်း  ၁၅၀၀  ခန့်က  အိန္ဒိယနိုင်ငံမှ စတင်ခဲ့ကြောင်း  သိရသည်။

 


စပါးစိုက်ပျိုးသည့်လယ်ကွင်းများ ရေလျော့ချိန် တွင် လယ်ကန်သင်းပေါက်၌  မြှုံးများခံ၍  ငါးဖမ်း ယူခြင်းသည်  မိရိုးဖလာငါးဖမ်းနည်းတစ်ခု  ဖြစ်ပါ သည်။ ဤနည်းဖြင့်  လယ် တစ်ဧကလျှင် ငါးရံ့၊ ငါးခူ၊ ငါးပြေမ၊    ပုစွန်   အစရှိသည့် ဟင်းစားငါး၊     ပုစွန်  ငါးပိဿာခန့် ရတတ်ပါသည်။

 


ဤနည်းကို အခြေခံ၍ စပါးစိုက်ခင်းများအတွင်း စနစ်တကျ    ငါးသားပေါက်များ   ထည့်သွင်းမွေးမြူ လျှင် လယ်စိုက်သိမ်းချိန်မတိုင်မီအတွင်း      ငါးပိဿာ ချိန် (၂၅-၅၀) ပိဿာအထိ ရရှိနိုင်မည်ဖြစ်ပါသည်။

 


ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးမှု


စပါးစိုက်ခင်းများအတွင်း  ငါးမွေးမြူခြင်းသည် အစာပို၊ လူပိုမလိုဘဲ လယ်ကွင်းတစ်နေရာတည်းမှာပင် ရိက္ခာစပါးနှင့်    ဟင်းလျာငါးပါ   တစ်ထိုင်တည်း၊ တစ်ပြိုင်တည်းရရှိနိုင်သည့်အတွက် ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုရာလည်း ရောက်ပါသည်။

 


မြန်မာနိုင်ငံနှင့် အလားတူဆန်စားသုံးသော နိုင်ငံ များဖြစ်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့်   အာဆီယံနိုင်ငံများဖြစ်ကြသော   ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ် ပိုင်စသည့်နိုင်ငံများတွင် စပါးခင်းများအတွင်း  ငါး ထည့်သွင်းမွေးမြူခြင်းကို လယ်သမားများ တွင်တွင် ကျယ်ကျယ်  ဆောင်ရွက်လျက်ရှိသည်။  ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း   စပါးနှင့်ငါးကို    တွင်တွင် ကျယ်ကျယ် တွဲဖက်မွေးမြူ၍ရအောင်  မွေးမြူနည်း ကိုပါ ဖော်ပြပေးလိုက်ပါသည်။

 


စပါးစိုက်ခင်းအတွင်း 
ငါးထည့်သွင်းမွေးမြူနည်း


၁။    မြေပြန့်လယ်ကွင်းများကို ရွေးချယ်ပါ။
၂။     လယ်ကွင်းအတွင်း ရေအနက်   ၁ ဒသမ ၅ ပေ ထားနိုင်ရန် ကန်သင်းပေါင်ကို မြှင့်ပေးပါ။
၃။    ငါးခိုအောင်းရန် အနက် တစ်ပေ၊ အကျယ် ၁ ဒသမ ၅ ပေရှိ ကန်သင်းပတ်လည် မြောင်းတူးပါ။ ထွက်လာသည့်မြေဖြင့် ပေါင်ဖို့ပါ။ 
၄။     ကန်သင်းတွင် ရေသွင်း၊ ရေထုတ်နိုင်ရန် မြောင်း (သို့မဟုတ်) ပိုက် တပ်ဆင်ထားပါ။ 
၅။    စပါးစိုက်ခင်း တစ်ဧကလျှင် ၂ - ၃ လက်မအရွယ် (ရွှေဝါငါးကြင်း၊   တီလားပီးယား၊  ငါးခုံးမကြီး၊ ငါးခူ)  သားပေါက်ကောင်ရေ ၁၀၀၀ မှ ၁၂၀၀ နှုန်း ထည့်သွင်းမွေးမြူနိုင်သည်။ 
၆။    မွေးမြူရေးသက်တမ်း  ရက် ၆၀ မှ ၉၀ အတွင်း သဘာဝအစာဖြင့်    ငါးများ ခြောက်ကျပ်သားခန့် ကြီးထွားလာမည်။ 
၇။    အထက်ပါအတိုင်းဆောင်ရွက်ပါက  စပါးစိုက် ခင်း တစ်ဧကလျှင် မွေးမြူရေးငါး အချိန် (၂၅-၅၀) ပိဿာအထိ  ထွက်ရှိနိုင်ပါသည်။
၈။     သို့ပါ၍   မိုးရာသီစပါးစိုက်ချိန်တွင်   စပါးခင်း အတွင်း   ငါးများထည့်သွင်းမွေးမြူနိုင်ပါသည်။ သို့မှသာ “စပါးလည်းသီး ငါးလည်းကြီး”ဆိုသလို ဖြစ်ပေမည်။
အကျိုးကျေးဇူးများ
၁။    စိုက်ပျိုးရေးကိုအခြေခံ၍   ဝင်ငွေတိုးတက်စေ သော လုပ်ငန်းဖြစ်သည်။ 
၂။     စပါးဖျက်ပိုးများကို  ငါးများစားသုံးခြင်းကြောင့် ပိုးသတ်ဆေးသုံးစွဲရမှု လျော့နည်းလာစေသည်။ 
၃။     စပါးခင်းအတွင်း  ရေညှိ၊  ရေမှော်များကို ငါးများ စားသုံးခြင်းကြောင့်    ဩဇာဓာတ်ပိုမိုရရှိသဖြင့် စပါးပင်ရှင်သန်မှုနှုန်း ပိုကောင်းလာပါသည်။ 
၄။     အစာကျွေးရန်မလို၍ ငါးအစာဖိုး ကုန်ကျမှုမရှိပါ။
၅။     ငါးများစွန့်ထုတ်သည့်အညစ်အကြေးမှ   ဩဇာ ဓာတ်များရရှိပြီး      စပါးအထွက်နှုန်းတိုးရန် အထောက်အကူပြုပါသည်။
၆။      လယ် တစ်ဧကလျှင် ငါးအချိန် (၂၅-၅၀) ပိဿာ ထွက်ရှိနိုင်သည်။ 
၇။     စပါးခင်းမှ  စပါးသာမက  ငါးပါ   အတူတကွ တစ်ချိန်တည်း၊  တစ်နေရာတည်း ထုတ်လုပ် လာနိုင်၍  လယ်သမားများ  အသားဓာတ်ပိုမို စားသုံးနိုင်ကြမည်။
၈။     ကျေးလက်ဒေသ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို  မလွဲ မသွေ အထောက်အကူဖြစ်စေပါသည်။ 

 


ကူညီပံ့ပိုးမှုများ


၁။     စပါးစိုက်ခင်းများအတွင်း    ထည့်သွင်းမွေးမြူ
    မည့်  (ရွှေဝါငါးကြင်း၊ တီလားပီးယား၊ ငါးခုံးမ  ကြီးနှင့် ငါးခူ) သားပေါက်များကို    ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ   ငါးလုပ်ငန်းစခန်း များမှ ဖြန့်ဖြူးပေးပါသည်။ 
၂။    စပါးစိုက်ခင်းများအတွင်း    ငါးထည့်သွင်း မွေးမြူထားသည့် ပညာပေးသရုပ်ပြစပါးစိုက်ခင်း (Rice-Fish Culture  Demostration  Farm) များကို  လေ့လာနိုင်ရန်  အောက်ပါစခန်းများ၌ ဆောင်ရွက်ထားပါသည်။ 
    ရန်ကုန်တိုင်း    -    လေးဒေါင့်ကန် ငါးလုပ်ငန်း                စခန်း
    ပဲခူးတိုင်း     -     အုတ်ဖိုငါးလုပ်ငန်းစခန်း
    ဧရာဝတီတိုင်း    -      တလုပ်လှ/ပသွယ်ငါးလုပ်ငန်း 
                စခန်း
    မွန်ပြည်နယ်     -     သထုံငါးလုပ်ငန်းစခန်း
    မန္တလေးတိုင်း     -     ရေဆင်း/ကူမဲ ငါးလုပ်ငန်း 
                စခန်း
    စစ်ကိုင်းတိုင်း     -     ရေဦးငါးလုပ်ငန်းစခန်းတို့  
                ဖြစ်ကြသည်။ 


၃။    စပါးခင်းများအတွင်း       ငါးမွေးမြူခြင်းနှင့် ပတ်သက်သည့် နည်းပညာရပ်များ၊ ကျွမ်းကျင်မှု ဆိုင်ရာပံ့ပိုးမှုများကို    ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) မွေးမြူရေးဌာနခွဲနှင့် ပြည်နယ်/တိုင်း ငါးလုပ်ငန်းဦးစီးဌာနများက   ကူညီဆောင်ရွက် ပေးမည်ဖြစ်ပါသည်။ 

 

၄။     လုပ်ငန်းဆောင်ရွက်မည့် မြေနှင့် ရေတို့၏ ရူပ၊ ဓာတုဆိုင်ရာအခြေအနေများကို      စမ်းသပ် စစ်ဆေးပေးမည်ဖြစ်သည်။
စပါး-ငါး တွဲဖက်မွေးမြူခြင်း၏   အကျိုးကျေးဇူး များကို  စပါးစိုက်တောင်သူများ  သိရှိပြီး လိုက်နာ ကျင့်သုံးခြင်းဖြင့် ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုး မှုကို  အထောက်အကူဖြစ်စေရန်  ရေးသားတင်ပြ လိုက်ရပါသည်။       ။