မိုးရာသီနှင့်ဆက်စပ်နေသော လျှပ်စစ်အန္တရာယ်များ

Type

ဆောင်းပါး

=========

 

ဆောင်းပါး

=========

 

မိုးရာသီနှင့်ဆက်စပ်နေသော လျှပ်စစ်အန္တရာယ်များ

=======================================

 

မောင်မောင်(လျှပ်စစ်)

 

 

မိုးရာသီရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းရေကြီးရေလျှံ သည့် သဘာဝဘေးအန္တရာယ် “ရေဘေးဒုက္ခ” ကို ခံကြရ သည်မှာ နှစ်စဉ်လိုလိုဖြစ်ပါသည်။ မြစ်များ၊ ချောင်းများနှင့် နီးသောနေရာဒေသများ၌ မြစ်ရေ၊ ချောင်းရေတိုး၍ ရေကြီးရေလျှံဖြစ်ရသလို မြစ်များ၊ ချောင်းများမရှိ၊ မြစ်များ၊ ချောင်းများနှင့်ဝေးသော်လည်း မိုးသည်းထန်စွာ ရွာ၍ ရေကြီးရေလျှံဖြစ်ရသည့် နေရာဒေသများလည်း ရှိပေသည်။

 

နွေရာသီတွင် မီးဘေးအန္တရာယ်စိုးရိမ်ကြရပြီး မီးဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်ကြရသလို မိုးရာသီ ရောက်လျှင်လည်း ရေဘေး၊ လေဘေးတို့ကို စိုးရိမ်ပူပန် ကြရပြန်ပါသည်။

 

စင်စစ်သဘာဝဘေးအန္တရာယ်ကို တားဆီး၍မရ သော်လည်း ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ကြခြင်းဖြင့် ထိခိုက် ပျက်စီးမှုနည်းပါးပြီး လူတို့၏အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ရာရောက်ပါသည်။ သတိ ဟူသည် ပိုသည်မရှိ၊ လိုသည်သာရှိပေသည်။

 

ကြိုတင်အသိပေးကြေညာခြင်းများ

 

သို့ဖြစ်၍လည်း နိုင်ငံတော်မှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊  ပြန်လည် နေရာချထားရေးကိစ္စတို့ကို ကြိုတင်စီစဉ်ဆောင်ရွက်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မိုးလေဝသသတင်းများကို အရေးကြီးလျှင်ကြီးသလို အခါမလပ် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများမှ ကြိုတင်အသိပေးကြေညာ ခြင်းများကို သတိကြီးစွာထား၍ ဆောင်ရွက်လျက်ရှိပါ သည်။

 

စာရေးသူအနေဖြင့် အခါအားလျော်စွာ လျှပ်စစ်နှင့် ပတ်သက်သည့် ဗဟုသုတများ လျှပ်စစ်အန္တရာယ်များကို လက်လှမ်းမီသရွေ့ ရေးသားအသိပေးလေ့ရှိရာ ရေကြီးရေလျှံဖြစ်ပေါ်နေသောကာလဝယ် ဖြစ်ပေါ်နိုင်ဖွယ်ရာ ရှိသော လျှပ်စစ်အန္တရာယ်များကို ရေဘေးသင့် ဒေသရှိ ပြည်သူများ သိရှိရှောင်ရှားကာကွယ်နိုင်ရန် ရေးသား တင်ပြလိုပါသည်။

ရေကြီးရေလျှံချိန်တွင် ရေဝင်နစ်မြုပ်နေသည့် နေအိမ်အဆောက်အအုံများ၌ ဆက်သွယ်တပ်ဆင် အသုံးပြုနေသည့် လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ၊ ရေနစ်မြုပ်နေသည့် ထရန်စဖော်မာများ၊  ရေနစ်မြုပ် နေသည့် ဓာတ်တိုင်များ၊ ဓာတ်အားလိုင်းများသည် လျှပ်စစ်ဓာတ်အားရှိနေပါက ဓာတ်လိုက်မှုအန္တရာယ် ဖြစ်ပေါ်နိုင်ပေသည်။ သို့ဖြစ်၍လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရေလွှမ်းမိုးမှု ဒဏ်ခံနေရသည့် နေရာဒေသများကို လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်တောက် (ဓာတ်အားပိတ်) ပေးရပါသည်။ ဤအချက်ကိုလည်း နားလည်သဘောပေါက်စေချင်ပါသည်။

 

ဆက်သွယ်အကြောင်းကြားရန်လို

 

ထိုသို့အချိန်နှင့်တစ်ပြေးညီ လျှပ်စစ်ဓာတ်အားပိတ်ပေးနိုင်ရန်အတွက် ရပ်ကွက်အတွင်းရှိ တာဝန်ရှိပြည်သူများ က မိမိတို့ရပ်ကွက်၌ ရေကြီးရေလျှံ၍ လမ်းများ၊ အိမ်များ၊ ဖော်ပြပါ လျှပ်စစ်ပစ္စည်းများ ရေနစ်မြုပ်ပါက သက်ဆိုင်ရာ မြို့နယ်၊ လျှပ်စစ်မန်နေဂျာရုံးများသို့ ဆက်သွယ်အကြောင်း ကြားရန် လိုအပ်ပါသည်။

 

ဓာတ်လိုက်မှုအန္တရာယ်များ ဖြစ်ပေါ်နိုင်

 

ထို့အတူ မိုးဒဏ်၊ လေဒဏ်၊ ရေတိုးသည့်ဒဏ်များ ကြောင့် ဓာတ်တိုင်များ ယိုင်လဲခြင်း၊ ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ ဓာတ်ကြိုးများလျော့ကျ အိကျခြင်း၊ ပြတ်ကျ သော ဓာတ်ကြိုးများ သစ်ကိုင်းသစ်ပင်ပေါ်တင်နေခြင်း၊ ရေထဲသို့ကျနေခြင်းစသည့် အကြောင်းများကြောင့် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်လိုက်မှုအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသည်။

 

ရေပတ်လည်ဝိုင်းရံနေသော၊ ရေဝင်နစ်မြုပ်နေသော ဘုရား၊ တန်ဆောင်း၊ ကျောင်းစသည့် သာသနိကအဆောက် အအုံများ၊ ရုံးများ၊ ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လူနေအိမ်များရှိ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို ရေစိုနေလျှင် သို့မဟုတ် ရေနစ်မြုပ်နေလျှင်၊ ရေဝင်နေလျှင် ကျန်နေသော အခြားလျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို လုံးဝမသုံးပါနှင့်၊ လျှပ်စစ်မီးခလုတ်များကို မဖွင့်ပါနှင့်။ မီးခလုတ်ကို ပိတ်ထားပါ။ ဓာတ်အားမပိတ်ထားမီ အချိန် တွင် လျှပ်စစ်ဓာတ်ကြိုးများ၊ အသုံးပြုနေသော လျှပ်စစ် ပစ္စည်းများသည် လျှပ်စစ်ဓာတ်အားရှိနေသည်ဟု မှတ်ယူ ထားရပါမည်။

 

ရေကြီးရေလျှံနေ၍ မိမိတို့နေအိမ်ကို စွန့်ခွာပြီး ရေကင်းလွတ်ရာနေရာသို့ ခေတ္တပြောင်းရွှေ့လျှင်လည်း မိမိတို့နေအိမ်ရှိ လျှပ်စစ်မီးခလုတ်များနှင့် မိန်းခလုတ်များကို ပိတ်သွားရန် လိုအပ်ပါသည်။ ရေပြန်ကျ၍ မိမိတို့နေအိမ်သို့ ပြန်လာစဉ် အိမ်ထဲတွင်ရေမရှိတော့သော်လည်း လျှပ်စစ် ဓာတ်အားသုံးပစ္စည်းများဖြစ်သည့် ပလပ်ပေါက်များ၊ မီးခလုတ်များ၊ မော်တာများ၊ မီးအားမြှင့်စက်များ၊ အင်ဗာတာ များ ရေဝင်နေလျှင်၊ ရေစိုနေလျှင်၊ ရေငွေ့များရိုက်ထားလျှင်၊ ရွှံ့နွံများအမှိုက်များပေနေလျှင် ကိုယ်တိုင်ကိုင်တွယ်ပြုပြင် ခြင်း၊ မီးခလုတ်နှင့် လျှပ်စစ်ခလုတ်များ ဖွင့်ခြင်းမပြုသေးဘဲ လျှပ်စစ်ကျွမ်းကျင်သူကို ခေါ်ယူပြသ၍ လိုအပ်သလို ဆောင်ရွက်ပြီး လျှပ်စစ်အန္တရာယ် ရှိ၊ မရှိ စစ်ဆေးကာ အန္တရာယ်ကင်းရှင်းမှသာ လျှပ်စစ်ခလုတ်များကို ဖွင့်ကြရန် သတိပေးလိုပါသည်။ လျှပ်စစ်ဓာတ်အား သုံးလိုဇောဖြင့် ကိုယ်တိုင်မပြုလုပ်မိရန် သတိထားကြပါ။

 

ဓာတ်လိုက်မှုအန္တရာယ်ရှိနိုင်

 

ရေကြီးရေလျှံဖြစ်နေ၍ ရေနစ်မြုပ်နေသော ဓာတ်တိုင် များ၊ ဓာတ်တိုင်ထိန်းကြိုးများကို ကိုင်တွယ်ခြင်း၊ အားပြု ခြင်းတို့မှ ရှောင်ကြဉ်ရပါမည်။ ဓာတ်အားမပိတ်ထားပါက ဓာတ်လိုက်မှုအန္တရာယ်ရှိနိုင်ပါသည်။

အလားတူ မိမိတို့အိမ်ရှိ အိမ်သွယ်ဆားဗစ်ကြိုးပေါ်သို့ဖြစ်စေ၊ မိမိတို့ပတ်ဝန်းကျင်ရှိ ကောင်းကင်ဓာတ်အား လိုင်းပေါ်သို့ဖြစ်စေ၊ သစ်ပင်၊ သစ်ကိုင်းများ၊ သစ်ခက် တို့လဲကျခြင်း၊ တင်နေခြင်းတို့ကို တွေ့ရှိလျှင် အိမ်သွယ် ဆားဗစ်ကြိုး၊ ကောင်းကင်ဓာတ်အားလိုင်း ဓာတ်ကြိုးတို့ ပြုတ်ကျနေသည်ကိုတွေ့လျှင် ရေစိုနေသော ဝါးလုံး၊ ရေစို နေသောတုတ်၊ သံချောင်း၊ သံပိုက်လုံးတို့ဖြင့် ထိုးချခြင်း၊ ရိုက်ချခြင်း၊ ဖယ်ရှားခြင်းကို မိမိကိုယ်တိုင် မပြုလုပ်ရပါ။ သက်ဆိုင်ရာ လျှပ်စစ်ရုံးသို့ အမြန်သတင်းပို့ပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှ ဓာတ်အား ပိတ်၍ လာရောက်ရှင်းလင်းဖယ်ရှားပေးမည်ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်း၍ဖြစ်စေ၊ မြစ်ရေကြီး၍ဖြစ်စေ၊ ထူးကဲဒီရေတက်၍ဖြစ်စေ၊ မိမိတို့နေထိုင်ရာရပ်ကွက်၊ မိမိတို့နေထိုင်ရာလမ်းတွင် ခါတိုင်းထက် ထူးကဲပြီး လမ်းပေါ်သာမက နေအိမ်များသို့ ရေဝင်ရောက်လာပါက မိမိတို့အိမ်ရှိ လျှပ်စစ်မိန်းခလုတ်ကို ပိတ်ထားပါ။ ထိုအချိန်အခါ၌ လျှပ်စစ်ဓာတ်အား အသုံးမပြုကြပါနှင့်။ မိမိတို့နှင့် သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ အခြေအနေအရပ်ရပ်ကို အချိန်မဆွဲဘဲ အမြန်ဆက်သွယ် သတင်းပေးပို့ရန် လိုအပ်ပါသည်။ သို့မှသာ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးများက သိရှိပြီး ဓာတ်လိုက်မှုအန္တရာယ် ကင်းရှင်းစေရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အားသည် ရေတွင်ဖြတ်သန်းစီးဝင် နိုင်၍ အတိုင်းအဆမရှိဓာတ်လိုက်နိုင်သဖြင့် အထူးသတိ ထားကြရန် လိုအပ်ပါသည်။

 

အိမ်ရှိမိန်းခလုတ်ကို ပိတ်သွားကြပါ

 

ရေဘေးသင့်ပြည်သူတို့ကလည်း မိမိတို့နေအိမ် ရေနစ်မြုပ်ပါက လျှပ်စစ်မိန်းခလုတ်ကိုပိတ်၍ လျှပ်စစ်ဓာတ် အားကို ဖြတ်ထားရန်လိုအပ်ပါသည်။ နေအိမ်ကို စွန့်ခွာ ၍သွားရပါကလည်း အိမ်ရှိမိန်းခလုတ်ကို ပိတ်သွားကြပါ။

 

ရေဘေးသင့်ဒေသများ၌ ရေပြန်ကျသွား၍ ရက်ကွက်ရှိ ပြည်သူများ ညရေးညတာသွားလာကြရာ၌ လက်နှိပ် ဓာတ်မီးများကို မဖြစ်မနေယူဆောင်သွားသင့်ပါသည်။ ယူဆောင်သွားသော လက်နှိပ်ဓာတ်မီးများဖြင့် ပြတ်ကျ နေသော ဓာတ်ကြိုးများ၊ အိကျနေသောဓာတ်ကြိုးများနှင့် မြွေများ၊ ကင်းများ၊ ရေနှင့်အတူ ပါလာတတ်သော အဆိပ် ရှိသည့် သတ္တဝါများကို မြင်အောင်ကြည့်၊ လွတ်အောင် ရှောင်၍ “ရေကြီးလေတိုင်း ဝိုင်းဝိုင်းလည်နေသော သင့်ပတ်ဝန်းကျင်မှ အန္တရာယ်များ” လွတ်ကင်းအောင် ဆင်ခြင်တုံတရားဖြင့် သတိထားကြစေလိုကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။