မိုးရာသီကာလရောက်လာ၍ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ ရပ်နားထား

 

မြိတ်  မေ  ၁၉

 


တနင်္သာရီတိုင်းဒေသကြီးသည်          မိုးများသော တိုင်းဒေသကြီးတစ်ခုဖြစ်သောကြောင့်  မိုးရာသီသို့ စတင်ဝင်ရောက်လာသည့်     ယခုကာလအတွင်း ပင်လယ်ပြင်၌ လှိုင်းလေပြင်းထန်ခြင်းများ​ရှိလာသည့် အတွက်     မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများကို ရပ်နားထားပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။

 


မိုးရာသီကာလ       စတင်ဝင်ရောက်လာပြီဖြစ် သည့်အတွက်   ပင်လယ်ပြင်အတွင်း  လှိုင်းလေပြင်းထန် မှုများရှိလာသဖြင့်    မြိတ်ကျွန်းစုအတွင်း   အပန်းဖြေ ခရီးစဉ်များပို့ဆောင်ပေးနေသော      လုပ်ငန်းများ အနေဖြင့် ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက်  မေ ၁၅ ရက်မှစတင်ပြီး လုပ်ငန်းများရပ်နားခဲ့ခြင်းဖြစ်သည်။

 


“မြိတ်ကျွန်းစုခရီးစဉ်မှာ ခရီးသည်တွေအတွက် ပင်လယ်စာအစားအစာ     ကောင်းကောင်းကျွေးပြီး ဆွဲဆောင်ပေးနိုင်တဲ့လုပ်ငန်းက     နည်းနေပါတယ်။ ကုမ္ပဏီတချို့ကတော့  Speed Boat ငှားရမ်းတာ မျိုးတွေလောက်ပဲ  လုပ်ကြတော့တယ်။ ကော့သောင်း ဘက်မှာက ကျွန်းတွေကို ကိုယ်ပိုင်လျှောက်ထားပြီး Activity ကောင်းကောင်းလေးတွေ လုပ်ပေးထား နိုင်တယ်။ ဒီဘက်မှာတော့ ကျွန်းတွေမှာ ကိုယ်ပိုင် ချထားပေးတာမျိုး မရှိတဲ့အတွက် ခရီးသွားလုပ်ငန်း တွေက အတော်လေးကို ဆွဲဆောင်မှုတွေဖန်တီးပေးနေရပါတယ်။  အစိုးရအနေနဲ့လည်း ကျွန်းတွေကို တကယ်လုပ်နိုင်တဲ့သူတွေကို  ချထားပေးစေချင်ပါ တယ်။ ဒီအတိုင်းဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့်မပေးဘဲ လွှတ်ထားရင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရ လည်း ခက်ခဲသလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း  နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်” ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 


ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များအား မြိတ်ကျွန်းစုဒေသအတွင်း ခရီးစဉ်များပို့ဆောင်ပေးရာ တွင် ဒုံးညောင်မှိုင်းကျွန်း၊ ဒုံးရေတံခွန်၊ ကြယ်လိပ် ကျွန်း၊ ဘေလီကျွန်း၊  စမတ်ကျွန်းများမှာ လူသိများ ထင်ရှားပြီး  လာရောက်လည်ပတ်သူ  များပြားသည့် အပြင် နှစ်ဖက်လှကျွန်းနှင့် ပဒန်းကျွန်းတို့မှာလည်း ခရီးသွားဧည့်သည်များအတွက်       လည်ပတ်ရန် ကောင်းမွန်သည့်ကျွန်းများ ဖြစ်လာနိုင်ကြောင်း သိရ သည်။

 


ကော့သောင်းဒေသရှိ   ကျွန်းများသည်လည်း လှပလွန်းသည့်အတွက်  ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များအကြားတွင် ရေပန်းစားကာ လာရောက် လည်ပတ်သူပိုမိုများပြားလာနေသည့် ကျွန်းများမှာ ညောင်ဦးဖီး၊ ခရင်းခွ၊ ၁၁၅ နှင့် အသည်းပုံကျွန်းများ ဖြစ်ကြောင်း သိရသည်။

 


ယခင်က မြိတ်ကျွန်းစုဒေသအတွင်း ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပို့ဆောင်ပေးနေသည့် ခရီးသွားလုပ်ငန်း  ၄၀ ကျော်ခန့်ရှိပြီး ၂၀၂၂ ခုနှစ် ခရီးသွားရာသီတွင်မူ      လုပ်ငန်း  ၁၀ ခုခန့်သာ လည်ပတ်နိုင်ခဲ့ကြောင်းနှင့်   ယခုနှစ်မဟာသင်္ကြန် ကာလအတွင်း   ကော့သောင်းဒေသသို့    ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ တစ်သောင်းကျော်ခန့်ရှိကာ မြိတ်ကျွန်းစုဒေသသို့ ခရီးသွားဧည့်သည် ဝင်ရောက် မှုမှာမူ  တစ်ထောင်ကျော်ခန့်သာ ရှိခဲ့ကြောင်း မြိတ် ဒေသခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။


မြင့်ဦး (မြိတ်)