
မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်းဒေသ ကြီးမှ မြိတ်ကျွန်းစုဟာ လေ့လာလည်ပတ်စရာ များစွာနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခုပါ။ မြိတ်မြို့ရဲ့ ထင်ရှားကျော်ကြားတဲ့ လေးကျွန်းဆီမီးသိမ်တော် ကြီး စေတီတော် အပါအဝင် ကျွန်းပေါင်း ၂၀၀ ကျော် စုစည်းထားတဲ့ မြိတ်ကျွန်းစုတွေမှာ ထူးခြားမှုတွေ၊ ဆန်းကြယ်မှုတွေ၊ သဘာဝအလှတရားတွေ အများ ကြီး ပိုင်ဆိုင်ထားပါတယ်။ နိုင်ငံရပ်ခြားက အများစု သော နာမည်ကျော်ကမ်းခြေတွေ၊ ကျွန်းတွေနဲ့ယှဉ် ရင် မနိမ့်တဲ့အပြင် သာလွန်တဲ့အလှအပတွေနဲ့ ပြည့်စုံလွန်းလှပါတယ်။
မြိတ်ကျွန်းစုတွေဆီ အပန်းဖြေ၊ အလည်အပတ်၊ စွန့်စားခရီးထွက်လိုသူတွေ အများဆုံးလာရောက် လည်ပတ်ကြပါတယ်။ အများစုကတော့ ခရီးသွား ဝန်ဆောင်မှုတွေနဲ့ လာရောက်ကြသလို ကိုယ့်အစီအစဉ် နဲ့ကိုယ် လာရောက်ကြသူတွေလည်း ရှိပါတယ်။
မြိတ်ကျွန်းစု ပင်လယ်ပြင်ခရီးစဉ်တွေမှာ ကျွန်းဘုရင်ခေါ် လေးကျွန်း၊ စမတ်ကျွန်း၊ သမီးလှ ကျွန်း၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း (CBT) ကျေးရွာ၊ တောင်ပံကြီးကျွန်းနဲ့ ဘေလီကျွန်းတွေက လူအသွား အလာအများဆုံးနေရာတွေ ဖြစ်ပါတယ်။ မြိတ်ကျွန်းစုခရီးစဉ်တွေကို အကောင်အထည်ဖော် ခဲ့တာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပြီဖြစ်ပြီး ကိုဗစ် ကာလမတိုင်ခင်အချိန်မှာ ခရီးသည်လာရောက်မှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ခရီးသွား ရာသီမှာတော့ မြိတ်ကျွန်းစုတွေဆီ လာရောက် လည်ပတ်သူ တစ်စတစ်စနဲ့ ပြန်လည်မြင့်မားလာခဲ့ ပါတယ်။
ကျွန်တော်ကတော့ ကျွန်းတွေထဲမှာမှ သဲဝါရောင်ကမ်းခြေနဲ့ ကျောက်စရစ်ကမ်းခြေ နှစ်မျိုးကို တစ်ကျွန်းတည်းမှာ ခံစားနိုင်မယ့် စမတ် ကျွန်း (ခ) ပါပန့်ကျွန်းအကြောင်းကို ဒီတစ်ပတ်မှာ မျှဝေလိုက်ပါတယ်။
စမတ်ကျွန်း သို့မဟုတ် ပါပန့်ကျွန်း
စမတ်ကျွန်းက ကျောက်စရစ်ကမ်းခြေ တစ်လျှောက်မှာ အရွယ်အစားအစုံ ကျောက်ခဲလေး တွေက သဲပြင်လိုပဲ လှပလွန်းပါတယ်။ လုံးချောနေတဲ့ ကျောက်ခဲလေးတွေက သဲသောင်ပြင်ထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်။ စမတ်ကျွန်းကို ရောက်ဖို့အတွက် မြိတ်ဆိပ်ကမ်းကနေ စက်လှေနဲ့ တစ်နာရီခွဲကျော်လောက် စီးနင်းသွားရမှာဖြစ်ပြီး ရေမိုင် ၆၉ မိုင် ဝေးပါတယ်။
ရေက ကြည်လင်သန့်ရှင်းနေတဲ့အတွက် သန္တာ ကျောက်တန်းတွေ၊ ရေအောက်က အရောင်အသွေးစုံ တဲ့ ငါးမျိုးစုံကို ကြည့်ရှုနိုင်ဖို့ ရေငုပ်(Snorkeling)လိုသူတွေအတွက်တော့ နေရာကောင်းတစ်ခုဖြစ်မှာ ပါ။ သတိပြုရမှာက ကမ်းစပ်မှာရေကစားတာဖြစ်ဖြစ်၊ ရေငုပ်ရင်ဖြစ်ဖြစ် အသက်ကယ်အင်္ကျီဝတ်ဆင်ဖို့ လိုအပ်သလို ဧည့်လမ်းညွှန်တွေရဲ့ သတိပေးချက်တွေ ကိုလည်း လိုက်နာပါ။
မြိတ်ကျွန်းစုတွေဆီ အလည်ရောက်သွားမယ် ဆိုရင် အသံဝဲဝဲနဲ့ ဧည့်လမ်းညွှန်တွေ၊ Snorkeling ဂိုက်တွေက အတော်လေး စနစ်တကျ ကူညီပေးကြ တဲ့အတွက် ခရီးစဉ်အတော်များများက အောင်မြင် တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပြသလို မြိတ်ဒေသခံတွေခေါ်တဲ့ ရေစာ (ပင်လယ်စာ) လတ်လတ်ဆတ်ဆတ်တွေ တဝကြီး စားသောက်နိုင်တာကလည်း အားသာချက်တစ်ခု ဖြစ်ပါတယ်။ မြိတ်မြို့ကို ပြန်ရောက်တဲ့အခါမှာလည်း ထင်ရှားတဲ့နေရာတွေဖြစ်တဲ့ သင်္ဘောကျင်း၊ သဘာဝ ဇီဝဇိုးငှက်သိုက်အိမ်၊ ကမ္ဘာလုံးစေတီ၊ တရုတ်ဘုံ ကျောင်း၊ သမိုင်းဝင်သိမ်တော်ကြီးစေတီတွေကို သွားရောက်နိုင်သလို ကျွန်းတွေထဲမှာလည်း အများစုသွားရောက်ကြတဲ့ နေရာတွေဖြစ်တဲ့ ဆလုံ လူမျိုးများရှိတဲ့ မော်ကင်းရွာ၊ သရော်သဟန်ကြီး ကျွန်း၊ သမီးလှကျွန်း၊ လေးကျွန်း၊ ကျွန်းမင်းသား စတဲ့နေရာတွေကိုလည်း သွားနိုင်ပါတယ်။
ပြီးခဲ့တဲ့သင်္ကြန်ကာလမှာ ကျွန်းသင်္ကြန်ကို စည်ကားစွာကျင်းပခဲ့ပြီး အောင်မြင်တဲ့ သင်္ကြန်ပွဲ တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ အားနည်းချက်ကတော့ ကျွန်းခရီးစဉ်တွေက ကုန်ကျစရိတ်များပြားသလို မြို့ပြနဲ့အလှမ်းဝေးတဲ့အတွက် ဝန်ဆောင်ခစရိတ် တွေကလည်း မြင့်မားနေတာမို့ ပြည်တွင်းခရီးသွား တွေအတွက် လွယ်လင့်တကူသွားလာဖို့ အလှမ်းဝေး နေသေးတယ်လို့ ထင်မြင်ပါတယ်။
မြိတ်ကျွန်းစု အလည်အပတ်ခရီးစဉ်တွေကို လေ့လာကြည့်တဲ့အခါ လူတစ်ဦးကို ကျပ် ၁၀ သိန်း ကနေ သိန်း ၂၀ ဝန်းကျင် ကုန်ကျနိုင်တဲ့အတွက် နိုင်ငံရပ်ခြားကို အပန်းဖြေထွက်သလောက် ကုန်ကျ တာမြင်ရတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တွေအတွက် ခရီးသွားလုပ်ငန်းကတစ်ဆင့် အလုပ် အကိုင်အခွင့်အလမ်းတွေ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အကျိုးအမြတ်တွေရနိုင်လို့ ကိုယ့်ပြည်တွင်း က အလှအပတွေကို ကိုယ်တိုင်ခံစားချင်တဲ့သူတွေ အတွက်တော့ နိုင်ငံခြားကို အပန်းဖြေခရီးထွက်မယ့် အစား ပြည်တွင်းမြိတ်ကျွန်းစုတွေဆီ သွားရောက် အပန်းဖြေကြပါလို့ တိုက်တွန်းပါရစေ။
သတိပြုရမယ့်အရာက ပင်လယ်ကမ်းခြေတွေ ဖြစ်ဖြစ်၊ ကျွန်းတွေဆီဖြစ်ဖြစ် အလည်အပတ်သွားတဲ့ အခါ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့၊ ကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လွှတ်မှုကို အတတ်နိုင်ဆုံး လျှော့ချဖို့၊ ပလတ်စတစ်အသုံးပြုမှုတွေကို လျှော့ချ ဖို့၊ ပင်လယ်ကမ်းခြေသန့်ရှင်းရေးကို တတ်အား သလောက် အားဖြည့်ဖို့၊ ပြန်သုံးလို့ရတာတွေကို ပြန်သုံးဖို့၊ စနစ်တကျနဲ့ စည်းကမ်းရှိရှိ သွားလာဖို့နဲ့ ပင်လယ်စာတွေကို အလွန်အကျွံစားရင်း သဘာဝ ပတ်ဝန်းကျင်ကို မဖျက်ဆီးဖို့၊ ပင်လယ်ကြီးကို ကူညီ နိုင်မယ့် သတင်းစကားတွေကို ဖြန့်ဝေဖို့တွေကို တော့ မမေ့မလျော့ လိုက်နာကြစေလိုပါတယ်။ အားလုံးကျန်းကျန်းမာမာနဲ့ ခရီးသွားနိုင်ကြပါစေ။
အဲလက်စ်၊ ဓာတ်ပုံ- I Travello Travel & Tour